ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းဟာ အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို စာချုပ်ပါ အချက်အလက်တွေ အရ နောက်ထပ် ၁နှစ် ထပ်မံ သက်တမ်းတိုးဖို့ ရှိနေကြောင်း အတိအလင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရိုနယ်ဒိုက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဂျူဗင်တပ်ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ထံ ၂နှစ် + ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် အသင်းမှာ တရာသီသာ ကစားပြီးချိန်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် အသင်းပြောင်းခွင့် ပေးဖို့ တရားဝင် တောင်းဆိုထားသူပါ။

Photo Credit: Metro

ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာကာ ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ ဥရောပ ထိပ်တန်းအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးထားပေမယ့် လက်ရှိမှာတော့ ဥရောပ အသင်းကြီး အများစုက ကစားသမားဘဝ အဆုံးသတ်အချိန်ကို ရောက်နေတဲ့ ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်မဝင်စားတာကြောင့် ရိုနယ်ဒိုအနေနဲ့ မန်ချက်စတာ ယူနိုက်တက်ထက် ပိုကောင်းတဲ့ အသင်းတသင်းကို ရှာဖွေဖို့ ခက်ခဲနေပါတယ်။

တဖက်မှာ မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ သူတို့အသင်းရဲ့ ဘတ်ဂျက်တွေကို ကွင်းလယ်နဲ့ ခံစစ်ပိုင်း အတွက် ကစားသမားသစ် ခေါ်ယူမှုတွေ ပြုလုပ်ရာမှာသာ သုံးစွဲဖို့ လျာထားတာကြောင့် သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို လက်မလွှတ်လိုပဲ ရိုနယ်ဒိုကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ရိုနယ်ဒိုကို အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ စာချုပ်ပါ အချက်အလက် တခု ဖြစ်တဲ့ အလိုအလျောက် ၁နှစ် ထပ်မံ သက်တမ်းတိုးမယ့် အချက်ကို အသုံးချဖို့ စဉ်းစားနေကြောင်း သိရပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကလည်း သူဟာ ရိုနယ်ဒိုကို အသင်းမှာ နောက်ထပ် နှစ်အနည်းငယ် ဆက်လက် မြင်တွေ့လိုကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော် သိရသလောက် ရိုနယ်ဒိုနဲ့ အသင်းရဲ့ ကြားမှာ နောက်ထပ် ၁နှစ် စာချုပ်သက်တမ်း ထပ်ကျန်နေသေးတယ် ဆိုတာပါပဲ။ ကျွန်တော်ကတော့ သူဟာ အသင်းမှာ ၂ရာသီလောက် ထပ်ပြီး ရှိနိုင်တယ်လို့ မြင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။