မန်ယူအသင်း နဲ့ ချဲလ်ဆီးအသင်းရဲ့ ဂိုးသမားဟောင်း ဘော့စ်နစ်ချ်ကတော့ မန်ယူအသင်းဟာ ချဲလ်ဆီးအသင်းကို ကပ်ကျော်ပြီး အဆင့် (၄) နေရာ ရရှိသွားပါလိမ့်မယ်လို့ ပြောသွားပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် (၂၇) ပွဲ ကစားပြီးတဲ့ အခါမှာတော့ ချဲလ်ဆီးအသင်းဟာ အဆင့် (၅) က မန်ယူအသင်းနဲ့ ရမှတ် (၃) မှတ်အကွာ ရမှတ် (၄၁) မှတ်နဲ့ အဆင့် (၄) နေရာ ရရှိနေပါတယ်။ နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အသာရနေသေးပေမဲ့လည်း ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ (၁၁) ပွဲ ကျန်သေးတာကြောင့် အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။
Photo Credit: Goal
ချဲလ်ဆီးအသင်းဟာ စနေနေ့ညက စပါးအသင်းကို (၂-ဝ) နဲ့ အနိုင်ရခဲ့ပြီး အဆင့် (၄) နေရာ ဆက်ထိန်းသွားခဲ့သလို မန်ယူအသင်းကလည်း တနင်္ဂနွေနေ့ညက ဝက်ဖို့ဒ်အသင်းကို (၃-ဝ) ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ချဲလ်ဆီးအသင်းကို ဆက်လက် ဖိအားပေးနေတာ ဖြစ်ပါတယ်။ ဘော့စ်နစ်ချ်ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဂိုးသမား အဖြစ် ကစားခဲ့စဉ်က မန်ယူအသင်းမှာ (၂) ရာသီ နဲ့ ချဲလ်ဆီးအသင်းမှာ (၃) ရာသီ ကစားခဲ့တာ ဖြစ်ပြီး သူက လက်ရှိရာသီမှာတော့ မန်ယူအသင်းက ချဲလ်ဆီးအသင်းကို ကျော်ပြီး ချန်ပီယံလိဂ် ဝင်နိုင်မယ်လို့ ပြောသွားပါတယ်။
Photo Credit: Goal
SkySports မှာ ဘော့စ်နစ်ချ်က “မန်စီးတီးအသင်းရဲ့ အကြောင်းကို မေ့ပစ်လိုက်ပါ။ ဘာလို့လဲဆိုရင် သူတို့က ဒါတွေကို ပြောင်းပြန်လှန်ပစ်မယ်လို့ ယူဆလို့ပါ။ ကျွန်တော် ပြောချင်တာဟာ ချဲလ်ဆီးအသင်း နဲ့ မန်ယူအသင်းကြားက အဆင့် (၄) နေရာအတွက် ပြင်းထန်တဲ့ တိုက်ပွဲပါပဲ။ ကျွန်တော်ကတော့ မန်ယူအသင်းက နောက်ဆုံးမှာ ကပ်ကျော်သွားလိမ့်မယ်လို့ ထင်ပါတယ်။ မန်ယူအသင်းက သူတို့ ကြုံနေကျအတိုင်း ပွဲပယ်ခံရတာ နဲ့ ဒဏ်ရာရတာမျိုးတွေ ဖြစ်လာမှာပါ။ ကျွန်တော်ကတော့ မန်ယူအသင်းက ချဲလ်ဆီးအသင်းအထက် အဆင့် (၄) နေရာကို ရမယ်လို့ ခံစားနေမိပါတယ်။ ချဲလ်ဆီး နဲ့ မန်ယူက နှစ်သင်းစလုံး ဥရောပ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်နေတာ ဖြစ်ပေမဲ့ ဒါက အပတ် အနည်းငယ် ကြာရင် ပြောင်းလဲသွားနိုင်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။