MySport Myanmar

ယူနိုက်တက် အလိုရှိနေတဲ့ ရာမို့စ်အတွက် ဘင်ဖီကာအသင်း ဈေးသတ်မှတ်

မန်ချက်စတာယူနိုက်တက်အသင်း နဲ့ ပီအက်စ်ဂျီအသင်းတို့ စိတ်ဝင်တစား ရှိနေကြတဲ့ ပေါ်တူဂီ လူငယ် တိုက်စစ်ကစားသမားလေး ဂွန်ဆာလိုရာမို့စ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် (၆၉)သန်းအဖြစ် ဘင်ဖီကာအသင်းဘက်က တန်ကြေး သတ်မှတ်လိုက်ပါတယ်။

Photo Credit : Vanguard News

မန်ယူနိုက်တက်အသင်းက မနေ့ညကပဲ သူတို့အသင်းရဲ့ အဓိပစ်မှတ်ဖြစ်သူ ချယ်လ်ဆီး ကွင်းလယ်ကစားသမား မေဆန်မောင့်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း(၆၀)နဲ့ ခေါ်ယူဖို့ အလုံးစုံ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး နောက်ထပ် ကစားသမားတွေကို ဆက်လက် ခေါ်ယူဖို့ ပြင်ဆင်လာခဲ့ပါတယ်။ လတ်တလောမှာ ယူနိုက်တက်က အင်တာမီလန် ဂိုးသမား အန်ဒရေအိုနာနာ နဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမားတစ်ဦးကို ထပ်မံ ခေါ်ယူသွားဖို့ ရှိနေတုန်းမှာပဲ ယူနိုက်တက် ရေဒါထဲမှာ ပါဝင်နေတဲ့ ရာမို့စ်အတွက် ဘင်ဖီကာဘက်က ပေါင် (၆၉)သန်း ဈေးသတ်မှတ်လိုက်ပါတယ်။

Photo Credit : The Athletic

ယူနိုက်တက်က အသင်း တိုက်စစ်ပိုင်းအတွက် ကစားသမား အများအပြားကို စောင့်ကြည့်လျက် ရှိနေပြီး ပရီးမီးယားလိဂ် ပြိုင်ဘက် စပါးအသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်း ၊ အတ္တလန်တာရဲ့ ဒိန်းမတ် လူငယ် ကစားသမားလေး ဟွိုက်လန်း နဲ့ ဘင်ဖီကာရဲ့ ပေါ်တူဂီ လူငယ် တိုက်စစ်မှူးလေး ရာမို့စ်တို့ကို ချိန်ရွယ်လျက် ရှိနေပါတယ်။ ရာမို့စ်က ပြီးခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ရွေးချယ်ခံရရင်း ဆွစ်ဇာလန်ကို ရှုံးထွက် (၁၆)သင်းအဆင့်မှာ အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း ဟက်ထရစ်ပါ သွင်းယူနိုင်ခဲ့ရာကနေ သူရဲ့ နာမည်က ပိုမို ကျော်ကြားလာခဲ့ရပါတယ်။

Photo Credit : The Athletic

ဒါကြောင့် ဒီကစားသမားလေးကို ယူနိုက်တက် အပါအဝင် ကလပ်အသင်းများစွာက စိတ်ဝင်စားလာခဲ့ပြီး လက်ရှိမှာလည်း ဘင်ဖီကာ ဥက္ကဌ ရူအီကော်စတာက သူတို့ ကစားသမား ရာမို့စ်အတွက် ပေါင် (၆၉)သန်း သတ်မှတ်လာခဲ့ကာ ယူနိုက်တက်အနေနဲ့လည်း ဒီတန်ကြေးအတိုင်းနဲ့ သူတို့ ကစားသမားကို ကမ်းလှမ်းမှု ပြုလုပ်လာနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Exit mobile version