အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား နှစ်ဦး ဖြစ်သူ လင်ဂတ်နဲ့ ပေါ့ဘာတို့ကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးဖို့ ဆုံးဖြတ်ချက် ချလိုက်ကြောင်း ဗြိတိန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

လင်ဂတ်နဲ့ ပေါ့ဘာတို့ နှစ်ဦးစလုံးဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတွေ ဖြစ်ကြပြီး အသင်းမှာ နှစ်ပေါင်းများစွာ ကစားခဲ့သူတွေ ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၇လကျော်သာ ကျန်တော့တဲ့ ကစားသမားတွေလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် ဘောလုံးရာသီ အစမှာပဲ ကစားသမား နှစ်ဦးစလုံးနဲ့ စာချုပ်သစ်တွေ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် နှစ်ဦးစလုံးက မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာဖို့ တာစူနေကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား တဦး ဖြစ်သူ လင်ဂတ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ စိတ်ကူး ရှိခဲ့ပေမယ့် စာချုပ်သစ် ကမ်းလှမ်းခဲ့ရာမှာ လုပ်ခလစာ ပမာဏဟာ လက်ရှိ ရနေတဲ့ လုပ်ခလစာ ပမာဏထက် နည်းပါးနေတာကြောင့် လင်ဂတ်က သူ့အပေါ် လေးစားမှု ကင်းမဲ့တယ်လို့ ယူဆပြီး စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ကာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချလိုက်ကြောင်း သိရပါတယ်။

Photo Credit: Mirror

တဖက်မှာလည်း မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ကစားသမား ဖြစ်သူ ပေါလ်ပေါ့ဘာကို စာချုပ်သစ် ကမ်းလှမ်းမှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်ခဲ့ပေမယ့် သူတို့အသင်းက ကမ်းလှမ်းထားတဲ့ လုပ်ခလစာ ပမာဏဟာ ပေါ့ဘာ လိုချင်နေတဲ့ လုပ်ခလစာ ပမာဏထက် နည်းပါးနေတာကြောင့် ပေါ့ဘာကိုလည်း အလွတ်နဲ့ ဒုတိယ အကြိမ် လက်လွှတ်ရဖို့ နီးစပ်နေပါတယ်။

မန်ချက်စတာ ညနေခင်း သတင်းဌာန ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေဟာ လာမယ့် ဘောလုံးရာသီမှာ အသင်းရဲ့ လုပ်ခလစာ ပမာဏကို လျှော့ချချင်နေတာကြောင့် ပေါ့ဘာနဲ့ လင်ဂတ်တို့လို လုပ်ခလစာ များပြားတဲ့ ကစားသမား နှစ်ဦးစလုံးကို အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ ဆုံးဖြတ်လိုက်ကြောင်း ယနေ့မနက်ပိုင်းမှာပဲ ဖော်ပြလာခဲ့ပါတယ်။