ပရီးမီးယားလိဂ် အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒေသတွင်း ပြိုင်ဘက်အသင်း ဖြစ်တဲ့ စပါးအသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်းကို ခေါ်ယူဖို့ အတွက် စတင် ကြိုးပမ်းနေပြီ ဖြစ်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ယနေ့မနက်ပိုင်းမှာ ဖော်ပြလာကြပါတယ်။ အသက် ၂၇နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ စပါးအသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတဦး ဖြစ်ပြီး ဥရောပရဲ့ ထိပ်တန်း တိုက်စစ်မှူးတွေထဲက တဦးအဖြစ် သတ်မှတ်ခံထားရပေမယ့် လက်ရှိအချိန် အထိ ဆုဖလား အောင်မြင်မှုတခုမှ ရယူနိုင်ခြင်း မရှိသေးပါဘူး။

Photo Credit: Goal

လက်ရှိမှာတော့ စပါးအသင်းဟာ လာမယ့် ဘောလုံးရာသီမှာ ဥရောပပြိုင်ပွဲဝင်ခွင့် ရဖို့ မသေချာတဲ့ အနေအထားကို ရောက်ရှိနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်နိုင်ဖို့ အခွင့်အရေး မရှိတော့တာကြောင့် ဟယ်ရီကိန်းဟာ ရာသီကုန်မှာ စပါးအသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေတာ ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ မန်ချက်စတာ မြို့ခံနှစ်သင်း ဖြစ်တဲ့ မန်ယူအသင်းနဲ့ မန်စီးတီးအသင်းတို့က စိတ်ဝင်စားနေကြပါတယ်။ နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ယူအသင်းဟာ နွေရာသီ အပြောင်းအရွှေ့ရဲ့ နံပါတ်တစ်ပစ်မှတ် အဖြစ် ဟယ်ရီကိန်းကို သတ်မှတ်ထားပြီး မကြာခင် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ ဟယ်ရီကိန်းအတွက် တရားဝင် ကမ်းလှမ်းမှုကို စတင် ပြုလုပ်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Goal

ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ မန်ယူအသင်းဟာ ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ပေါင် ၉၀သန်းနဲ့ စတင် ကမ်းလှမ်းမှာ ဖြစ်ကြောင်း သိရပြီး စပါးအသင်းကတော့ အဆိုပါ ကမ်းလှမ်းမှုကို လက်ခံဖွယ် မရှိကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။ ဒါပေမယ့် ဟယ်ရီကိန်းဟာ စပါးအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတာကြောင့် စပါးအသင်းအနေနဲ့ ဟယ်ရီကိန်းကို မဖြစ်မနေ ရောင်းထုတ်ရမှာ ဖြစ်ပြီး အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းခန့် ရရှိမှသာ စပါးအသင်းရဲ့ ဥက္ကဌ လီဗိုင်းဟာ ဟယ်ရီကိန်းကို ရောင်းချဖွယ် ရှိကြောင်း စပါးအသင်းနဲ့ နီးစပ်သူတွေက သတင်းဌာနတွေကို ပြောကြားထားပါတယ်။ ဟယ်ရီကိန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ မန်ယူအသင်းရဲ့ မြို့ခံပြိုင်ဘက် ဖြစ်တဲ့ မန်စီးတီးအသင်းလည်း ပါဝင်လို့ နေတာကြောင့် မန်ယူအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ဟယ်ရီကိန်းလုပွဲကိုလည်း မြင်ရဖွယ် ရှိပါတယ်။