ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကာရာဘောင်းဖလားကို ဆွတ်ခူးနိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ရထားတဲ့ မန်ချက်စတာ ယူနိုက်တက်က ရာသီသစ်အတွက် ကြိုတင် ပြင်ဆင်မှု အဖြစ် ယခု နွေဈေးကွက် အတွင်းမှာ တိုက်စစ်မှူး တဦး ခေါ်ယူဖို့ ဆုံးဖြတ်ထားပေမယ့် ဘတ်ဂျက်မရှိတာကြောင့် တန်ကြေးမြင့် တိုက်စစ်မှူးတွေကို ခေါ်ယူတော့မှာ မဟုတ်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က တိုက်စစ်ပိုင်းမှာ ရက်ဖို့ဒ် ၊ မာရှယ်နဲ့ ဗက်ဟော့စ်တို့ (အငှား) သုံးဦးကိုသာ ပိုင်ဆိုင်ထားပြီး မာရှယ်က ဒဏ်ရာလူသား ဖြစ်သလို ဗက်ဟော့စ်က သူ့ရဲ့ မိခင်အသင်း ဖြစ်တဲ့ ဘန်လေဆီ ပြန်တော့မှာ ဖြစ်တာကြောင့် တိုက်စစ်ပိုင်းကို မဖြစ်မနေ အားဖြည့်ဖို့ လိုအပ်နေပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ အရည်အသွေးမြင့် တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်ထားပြီး မန်ချက်စတာ ယူနိုက်တက်က စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ၊ နာပိုလီ တိုက်စစ်မှူး အိုဆီမန် ၊ အတ္တလန်တာ တိုက်စစ်မှူး ဟွိုက်လန်းတို့ကို သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမားတွေ အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ယမန်နေ့မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့က နွေအသုံးစရိတ် အဖြစ် နည်းပြ တန်ဟက်ဂ်ကို ပေါင် ၁၂၀သန်း ထုတ်ပေးလိုက်ပြီး အသားတင် အသုံးစရိတ် ပေါင် ၁၂၀သန်းသာ ရရှိခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ဟယ်ရီကိန်း ၊ အိုဆီမန်တို့လို ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းကျော် သုံးစွဲရမယ့် တိုက်စစ်မှူးတွေကို ခေါ်ယူနိုင်တော့မှာ မဟုတ်ပါဘူး။

Photo Credit: Express

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် တန်ဟက်ဂ်က နွေအသုံးစရိတ်ကို သိရပြီးနောက် ဟယ်ရီကိန်းနဲ့ အိုဆီမန်တို့ကို မခေါ်တော့ပဲ ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း ဝန်းကျင်သာ သုံးစွဲရမယ့် အတ္တလန်တာ လူငယ်တိုက်စစ်မှူး ဟွိုက်လန်းကို ခေါ်ယူဖို့ တာဝန်ရှိသူတွေထံ အသိပေးလိုက်ပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေကလည်း ဟွိုက်လန်းအတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့က နွေအသုံးစရိတ် အဖြစ် ပေါင် ၁၂၀သန်းသာ ထုတ်ပေးခဲ့ပေမယ့် ကစားသမားတွေကို ထုတ်ရောင်းရာ ကနေ ရလာမယ့် ငွေကြေးတွေကို အသုံးစရိတ်ထဲ ထည့်ပေးမှာ ဖြစ်တာကြောင့် ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေထဲက ပြောင်းရွှေ့ကြေး မြိုးမြိုးမြက်မြက် ရမယ့် မက်ဂွိုင်းယား ၊ တော်မီးနေး ၊ ဖရက်ဒ် ၊ မာရှယ် ၊ ဘိုင်လီ ၊ တဲလက်စ် စတဲ့ ကစားသမားတွေကို ရောင်းထုတ်ကာ တန်ဟက်ဂ် အတွက် အသုံးစရိတ် ရှာဖွေပေးဖို့ ကြိုးစားနေကြပါတယ်။