ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူတို့အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တိုက်စစ်မှူး အန်သိုနီ မာရှယ်ကို စာချုပ်သစ် ထပ်မချုပ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ်တိုက်စစ်မှူး အန်သိုနီ မာရှယ်က ၂၀၁၅ခုနှစ်မှာ မိုနာကို ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း အထိ ပေးချေခဲ့ရပါတယ်။

Photo Credit: Goal

အန်သိုနီ မာရှယ်က မန်ချက်စတာ ယူနိုက်တက်ထံ ရောက်ရှိကာစမှာ သူမတူတဲ့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို အချိန်တိုအတွင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်လာခဲ့ပေမယ့် နောက်ပိုင်းမှာ မကြာခဏ ဒဏ်ရာရနေသလို ခြေစွမ်းကောင်းတွေ ပြသဖို့လည်း ရုန်းကန်နေရပါတယ်။

အန်သိုနီ မာရှယ်က ၈နှစ်တာ ကာလအတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၃၁၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉၀ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၅၅ကြိမ် ပြုလုပ်နိုင်ခဲ့ကာ ယူနိုက်တက်နဲ့အတူ ယူရိုပါလိဂ် ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ ကာရာဘောင်းဖလား ၂ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၁ကြိမ်တို့ကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက အန်သိုနီ မာရှယ်ကို စာချုပ်သစ် ထပ်မချုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး ယူနိုက်တက်ဟာ မာရှယ်ကို ဆောင်းဈေးကွက်မှာ ရောင်းချဖို့ စဉ်းစားထားကာ အကယ်၍ ဆောင်းဈေးကွက်မှာ ဝယ်မယ့်သူ မရှိရင် ရာသီကုန်မှ မာရှယ်နဲ့ လမ်းခွဲမယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဆောင်းဈေးကွက်မှာ မာရှယ်ကို ရောင်းချဖြစ်ခဲ့ရင် မာရှယ်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် တိုက်စစ်မှူး ၁ဦးကို ပြန်လည် ခေါ်ယူဖွယ် ရှိပြီး အကယ်၍ မာရှယ်ကို မရောင်းဖြစ်ခဲ့ရင်တော့ တိုက်စစ်မှူးသစ် ၁ဦး အစား ဗဟိုခံစစ်မှူးသစ် ၁ဦးကို ဆောင်းဈေးကွက်မှာ ခေါ်ယူဖွယ် ရှိနေပါတယ်။