ကိုရိုနာဗိုင်းရပ်စ်ဂယက် ဥရောပအထိ မပျံနှံခင်လောက်မှာပဲ မန်ချက်စတာယူနိုက်တက်သင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ပေါလ်ပေါ့ဘာဟာ သူရဲ့ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်လို့ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မှာဖြစ်မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့သလို ယူနိုက်တက်ပရိသတ်တွေအတွက်လည်း သတင်းကောင်းတစ်ခု ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဗိုင်းရပ်စ်ဂယက်ထလာခဲ့တာကြောင့် အခုတော့ ပေါ့ဘာဟာ ဒဏ်ရာပြန်ကောင်းနေပြီဖြစ်တာတောင် အသင်းနဲ့ ပြန်မကစားနိုင်သေးပဲ တစ်ကိုယ်တော် သီးသန့်လေ့ကျင့်ခန်းတွေကိုသာ လုပ်ဆောင်နေရလျက်ရှိနေပါတယ်။

ပေါ့ဘာဟာ လက်ရှိမှာ သူရဲ့နေအိမ်အတွင်း တစ်ကိုယ်တော် လေ့ကျင့်ခန်းဆင်းနေချိန်အတွင်း သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းရဲ့ ဝတ်စုံကို ဝတ်ဆင်ထားခဲ့တာကြောင့် ပေါ့ဘာအနေနဲ့ အသင်းဟောင်းဆီကို ပြန်လည်ပြောင်းရွှေ့ချင်နေပြီလားဆိုပြီး ပရိသတ်တွေကြားမှာ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပေမယ့် ပေါ့ဘာကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လို့နေတဲ့ အသင်းဖော်ဟောင်း မာတွီဒီအတွက် ရည်စူးပြီးတော့သာ ဝတ်ဆင်ထားခဲ့တာဖြစ်တယ်လို့ ပြန်လည်ရှင်းပြသွားခဲ့ပါတယ်။ ဒါပေမယ့် ပေါ့ဘာရဲ့အနာဂတ်ကတော့ အခုချိန်ထိ လှုပ်ခတ်လျက်ရှိနေပြီး ယူနိုက်တက်မှာ ဆက်လက်ရှိနေဖို့ကလည်း မသေချာလျက်ဖြစ်လို့နေပါတယ်။

လက်ရှိမှာတော့ ပေါ့ဘာကို သူရဲ့အသင်းဟောင်းဂျုဗင်တပ်စ်ကနေ ပြန်လည်ခေါ်ဆောင်ချင်နေပြီး လာမယ့်နွေစျေးကွက်အတွင်းမှာ ပြောင်းရွှေ့ကြေး ပေါင်သန်းတစ်ရာနဲ့ ပြန်လည်ခေါ်ယူဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ကတော့ သူတို့ရဲ့အဓိက ကစားသမားကို အသင်းကနေ ရောင်းချဖို့ အစီအစဉ်မရှိပေမယ့်လည်း လက်ရှိ အသင်းရဲ့ကွင်လယ်ပိုင်းမှာ ဖာနန်ဒက်စ်ရဲ့ခြေစွွမ်းပြနေမှုကြောင့် ပေါ့ဘာကို မဖြစ်မနေ အသင်းက ရောင်းချရမယ်ဆိုရင် ရောင်းချကောင်းရောင်းချနိုင်ပါတယ်။ ပေါ့ဘာဟာ ဒီရာသီမှာ သူရဲ့အပြောင်းအရွှေ့သတင်းတွေ အတော်လေးထွက်ပေါ်ခဲ့တဲ့အပြင်ကို ဒဏ်ရာပြသာနာတွေကြောင့်လည်း ပွဲထွက်ကစားခွင့်တွေက နည်းပါးခဲ့ရပြီး အသင်းအတွက် မကစားနိုင်ခဲ့တာဆိုရင် ရာသီဝက်နီးပါးလောက်အထိကို ရှိခဲ့ရပါတယ်။