ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြင်သစ် လီဂူးကလပ် ရန်းနက်စ်အသင်းရဲ့ အသက် ၁၈နှစ် အရွယ် လူငယ်ကြယ်ပွင့် ကွင်းလယ်လူ ကာမာဗင်ဂါကို ခေါ်ယူဖို့ အတွက် တရားဝင် ဆွေးနွေးမှုတွေကို ယခုတပတ် အတွင်းမှာပဲ စတင်တော့မယ်လို့ ပြင်သစ် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသက် ၁၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ကာမာဗင်ဂါကို ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားခဲ့တဲ့ အသင်းတွေထဲက တသင်း ဖြစ်ပြီး ယခုအချိန်မှာတော့ အသင်းကနေ ထွက်ခွာဖို့ တာစူနေတဲ့ အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာရဲ့ နေရာအတွက် ကာမာဗင်ဂါကို ခေါ်ယူဖို့ ကြိုးစားလာတာပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

ကာမာဗင်ဂါဟာ ရန်းနက်စ်အသင်း ကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူ့ရဲ့ အရွယ်နဲ့ မလိုက်အောင် ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့် ပြင်သစ်လီဂူးရဲ့ အကောင်းဆုံး လူငယ် ကွင်းလယ်လူ အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ကာ မန်ချက်စတာ ယူနိုက်တက်အသင်းက အခြား ထိပ်သီးအသင်းတွေ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေရတာကို အခွင့်ကောင်း ယူကာ ကာမာဗင်ဂါကို ယခု နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးစားနေတာပါ။

ပြင်သစ် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ RMC Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့ အတွက် သူ့ရဲ့ အေးဂျင့်ဖြစ်သူနဲ့ စတင် ချိတ်ဆက်နေကာ ယခုတပတ် အတွင်းမှာပဲ အပြောင်းအရွှေ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အတွက် အေးဂျင့်အဖွဲ့ဟာ မန်ချက်စတာမြို့ဆီ လာမယ်လို့ သိရပါတယ်။

Photo Credit: The Sun

ရန်းနက်စ်အသင်း ကတော့ သူတို့အသင်းရဲ့ အကောင်းဆုံး ကစားသမားကို မဆုံးရှုံးချင်ပေမယ့် ကာမာဗင်ဂါရဲ့ စာချုပ်သက်တမ်းဟာ ၁နှစ်သာ ကျန်တော့တာကြောင့် ကာမာဗင်ဂါကို လာမယ့် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရစေရန် ယခုနှစ် နွေအပြောင်းအရွှေ့မှာပဲ ရောင်းချရမှာ ဖြစ်ပြီး ကာမာဗင်ဂါ အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းခန့် လိုချင်နေကြောင်း သိရပါတယ်။

ကာမာဗင်ဂါရဲ့ အေးဂျင့်ဖြစ်သူ ဘန်းနက်ကတော့ သူတို့ရဲ့ ကစားသမားဟာ ယခုနှစ် နွေအပြောင်းအရွှေ့မှာပဲ အသင်းပြောင်းရွှေ့နိုင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေကြားထားပါတယ်။ ဘန်းနက်က – “ ကျွန်တော်တို့နဲ့ ချိတ်ဆက်ထားတဲ့ ကစားသမားတွေထဲက ၃ယောက် ၊ ၄ယောက်လောက်က တကယ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ အသင်းပြောင်းနိုင်ပါတယ်။ အဲ့ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ အသင်းငယ်တွေ အတွက် အဲ့ဒီလို ပြောင်းရွှေ့ကြေး မြင့်မြင့်မားမား ရနိုင်တဲ့ အခိုက်အတန့်တွေက အများကြီး ရှိတာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ အရမ်းကောင်းတဲ့ ကစားသမားတွေ ရှိနေပါတယ်” လို့ ပြောကြားသွားတာပဲ ဖြစ်ပါတယ်။