မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင် ဆာဂျင် ရက်ကလစ်ဖ်တို့ကတော့ လာမယ့်ဘောလုံးရာသီအတွက် အသင်းနည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖို့ ပြင်ဆင်လို့ထားပြီး အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်လို့ထားပါတယ်။

ယူနိုက်တက်အသင်းက လက်ရှိမှာ နယ်သာလန်လူမျိုး နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ ဒီနှစ် ဘောလုံးရာသီကို ဖြတ်သန်းလျက် ရှိနေပြီး အသင်းက အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တွေအတွက် မျှော်လင့်ချက် ရှိနေပေမယ့်လည်း ရာသီအကုန်မှာပဲ ဆာဂျင်ရက်ကလစ်ဖ်တို့ရဲ့ INEOS အဖွဲ့က တန်ဟက်ဂ်ကို ရာထူးက ထုတ်ပယ်ဖို့ စီစဉ်နေပါတယ်။

Photo Credit : Sky Sports

တန်ဟက်ဂ်နေရာမှာ ဆောက်ဂိတ် အပါအဝင် ဒီဇာဘီ သောမတ်စ်ဖရန့်စ်တို့ကို ပစ်မှတ်ထားလျက် ရှိနေပြီး ဆောက်ဂိတ်ကိုတော့ အသင်းအတွက် အလိုအရှိဆုံး ဖြစ်နေပါတယ်။ ဒါကြောင့် ဆောက်ဂိတ်သာ ယူရိုအပြီး အင်္ဂလန်နဲ့ လက်တွဲဖြုတ်မယ်ဆိုရင် ဆောက်ဂိတ်နဲ့ သူရဲ့နည်းပြတစ်ဖွဲ့လုံးကိုပါ အသင်းဆီ ခေါ်ဆောင်ဖို့ ပြင်ဆင်ထားပါတယ်။

နည်းပြ ဆောက်ဂိတ်အနေနဲ့ကတော့ အင်္ဂလန်အသင်းကိုသာ အာရုံစိုက်ထားလျက် ရှိနေတယ်လို့ ပြောဆိုထားပြီး ယူရို-၂၀၂၄ပြိုင်ပွဲမှာလည်း အင်္ဂလန်ကို ချန်ပီယံဖြစ်အောင် အကောင်းဆုံး စွမ်းဆောင်ပေးသွားဖို့သာ ပစ်မှတ်ထားနေတယ်လို့ ထုတ်ဖော် ပြောကြားထားခဲ့ပါတယ်။

Photo Credit : All Football

ဒါပေမယ့်လည်း ယူနိုက်တက်ဘက်ကတော့ တန်ဟက်ဂ်နေရာအတွက် ဆောက်ဂိတ်ကိုသာ အလိုရှိနေပြီး ယူရိုပြိုင်ပွဲအပြီးမှာ ဆောက်ဂိတ်နဲ့ အင်္ဂလန်တို့ရဲ့ အနာဂတ် အခြေအနေကိုလည်း စောင့်ကြည့်သွားဖို့လည်း ရှိနေပါတယ်။

ယူနိုက်တက် ပရိသတ်တွေကတော့ ဆောက်ဂိတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်မယ့်အစား တန်ဟက်ဂ်ကိုပဲ ဆက်လက် တာဝန်ပေးစေချင်သလို တန်ဟက်ဂ်နေရာမှာ မဖြစ်မနေ အစားထိုးမယ်ဆိုရင်တောင် ဆောက်ဂိတ်ထက် တခြားနည်းပြတွေကိုသာ ခန့်အပ်သွားစေချင်နေပါတယ်။