ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ခေါ်ယူထားတဲ့ လူငယ် ကြယ်ပွင့် ကစားသမား ဒီရယ်လိုကို ပရီးမီးယားလိဂ် အသင်းတွေထံ အငှားချဖို့ စီစဉ်နေကြောင်း သိရပါတယ်။

အသက် ၁၉နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံ ကစားသမား ဒီရယ်လိုဟာ စီးရီးအေကလပ် အတ္တလန်တာအသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၁သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၆၃မိနစ် ကစားခွင့် ရထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Express

ဒီရယ်လိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပွဲထွက်ခွင့် များများစားစား မရခဲ့ပေမယ့် ယူနိုက်တက် ယူ၂၃အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းပြနိုင်ခဲ့ပြီး ၃ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်အသင်းက ဒီရယ်လိုကို အငှားချမယ်လို့ ကြေညာပြီးတဲ့နောက် ဒီရယ်လိုကို အငှားနဲ့ ခေါ်ယူဖို့ အတွက် ချိတ်ဆက်လာတဲ့ အသင်းတွေ အမြောက်အမြား ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ ဒီရယ်လိုကို ပရီးမီးယားလိဂ် အသင်းတွေဆီသာ အငှားချချင်နေပါတယ်။

Photo Credit: Express

ထွက်ပေါ်နေတဲ့ သတင်းတွေအရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီရယ်လိုကို တရာသီ အငှားနဲ့ ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်တဲ့ အဲဗာတန် ၊ နောဝှစ်ချ်အသင်းတို့ဆီ ကနေ ကမ်းလှမ်းမှုတွေ ရရှိထားကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နီးစပ်သူတွေ ကတော့ ယူနိုက်တက်ဟာ ဒီရယ်လို တယောက် ပုံမှန် ပွဲထွက်ခွင့် ရနိုင်မယ့် အသင်းတသင်းဆီသာ အငှားချဖို့ စဉ်းစားထားတာကြောင့် နောဝှစ်ချ်အသင်းဟာ ဒီရယ်လိုကို တရာသီ အငှားနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ဆိုပါတယ်။