မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဘင်ဖီကာ တိုက်စစ်ကစားသမား ဒါဝင်နူနက်ဇ်ကို အဓိကပစ်မှတ်ထားနေတာဖြစ်ပြီး အရခေါ်ယူသွားချင်နေပေမယ့်လည်း ဘင်ဖီကာဘက်က သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို အမြောက်အများ သတ်မှတ်ဖွယ် ရှိနေတာကြောင့် ယူနိုက်တက်သာ နူနက်ဇ်ကို ခေါ်ယူမယ်ဆိုရင် နွေစျေးကွက်မှာ သုံးစွဲခွင့်ပေးထားတဲ့ အသုံးစရိတ် အားလုံးကို သုံးစွဲရနိုင်တယ်လို့ သိရပါတယ်။

Which Premier League Club Should Darwin Nunez Join This Summer?

Photo Credit : Forbes

ယူနိုက်တက်အသင်းဟာ လာမယ့်နွေမှာ တိုက်စစ်ပိုင်းကို ကာဗာနီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရတော့မှာဖြစ်ပြီး ဂရင်းဝုဒ်ကလည်း အမှုရင်ဆိုင်နေရသလို ဆီဗီလာကို အငှားချထားတဲ့ မာစီယဲလ်ကလည်း အနာဂတ် မရေမရာ ဖြစ်နေတာကြောင့် အသင်းက တိုက်စစ်မှူးတစ်ဦးကို အရခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ယူနိုက်တက်က တိုက်စစ်ကစားသမား အများအပြားနဲ့ သတင်းထွက်ပေါ်နေပြီး ဒီလိုသတင်းထွက်နေတဲ့ ကစားသမားထဲမှာ ဥရုဂွေးကြယ်ပွင့် တိုက်စစ်မှူးလေး ဒါဝင်နူနက်ဇ်ပါ ပါဝင်လာခဲ့ရပါတယ်။

Nunez is being tracked by a number of top clubs across Europe

Photo Credit : The Sun

အသက်(၂၂)နှစ်အရွှယ် ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမား နူနက်ဇ်ဟာ ဒီရာသီ ဘင်ဖီကာအသင်းမှာ အတော်လေးကို တောက်ပနေတဲ့ ကြယ်ပွင့်လေးဖြစ်ပြီး ဘာစီလိုနာ ဘိုင်ယန်မြူးနစ် လီဗာပူးလ်နဲ့ အေဂျက်စ်တို့လို ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေနဲ့ ရင်ဆိုင်ခဲ့ချိန်မှာ သွင်းယူခဲ့တဲ့ ချန်ပီယံလိဂ်သွင်းဂိုး (၆)ဂိုး အပါအဝင် သွင်းဂိုးစုစုပေါင်း (၃၄)ဂိုးထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလို တိုက်စစ်စွမ်းရည်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ နူနက်ဇ်ကို ယူနိုက်တက်အပါအဝင် ဥရောပ အင်အားကြီး ကလပ်အသင်းများစွာက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြသလို လတ်တလောမှာတော့ နူနက်ဇ်ဟာ ယူနိုက်တက်အသင်းနဲ့ သတင်းအထွက်ဆုံး ဖြစ်နေရပါတယ်။ ဒါပေမယ့် ယူနိုက်တက်က နူနက်ဇ်ကိုသာ အရခေါ်ယူမယ်ဆိုရင် အနည်းဆုံးအနေနဲ့ ပြောင်းရွှေ့ကြေး ပေါင်(၈၄)သန်းလောက်နဲ့ ကမ်းလှမ်းရနိုင်ပြီး ဘင်ဖီကာဘက်က နူနက်ဇ်ကို သူတို့ရဲ့ ကစားသမားဟောင်း ဂျာအိုဖီးလစ်ရဲ့ ပြောင်းရွှေ့ကြေးနီးပါးလောက် အလိုရှိမယ်ဆိုရင် ယူနိုက်တက်က နူနက်ဇ်အတွက် ပေါင်သန်း(၁၀၀) ပတ်ချာလည်လောက်အထိကို အသုံးပြုရဖွယ် ရှိနိုင်ပါတယ်။ ယူနိုက်တက်အသင်းဟာ အသင်းနည်းပြသစ် အဲရစ်တန်ဟက်ဂ်အတွက် နွေအသုံးစရိတ်ကို ပေါင်သန်း(၁၀၀)အထိ ခွင့်ပြုနိုင်ဖွယ် ရှိနေတယ်လို့ သတင်းမီဒီယာများစွာက သုံးသပ်ထားကြပါတယ်။