ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိ မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပျံ့နှံ့ကူးစက် နေတဲ့ ကိုရိုနာဗိုင်းရပ်ပိုးကို ရှေ့တန်းကနေ မားမားမတ်မတ် ကာကွယ်ပေးနေတဲ့ အင်္ဂလန် အမျိုးသား ကျန်းမာရေးဌာနက ကျန်းမာရေး ဝန်ထမ်းတွေအတွက် စားစရာ ၆၀၀၀၀ကျော် ကို အခမဲ့ ဝေငှပေးသွားမယ်လို့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ အင်္ဂလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ် စတင်ဖြစ်ပွားစဉ် ကတည်းက နိုင်ငံရဲ့ အစိုးရနဲ့အတူ ကိုရိုနာ ဗိုင်းရပ်တိုက်ဖျက်ရေးအတ​ွက် တစ်တပ်တစ်အား ကူညီအားဖြည့်ပေးနေတဲ့ အသင်းတစ်သင်းလဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail.com

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကြေညာမှုအရတော့ အမျိုးသားကျန်းမာရေးဌာန(NHS) မှာ လုပ်ကိုင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အတွက် အိုးထရက်ဖို့ဒ်ကွင်းကြီးထဲမှာ ရှိတဲ့ စားဖိုဆောင်မှာ စားစရာတွေကို ကိုယ်တိုင်စီမံ ချက်ပြုတ်ကာ လာမယ့်အပတ်မှ စတင်ပြီး လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စားစရာ လှူဒါန်းမှုအတွက် စေတနာ့ဝန်ထမ်း ၈၀ကျော်ကလည်း မန်ယူအသင်းကို အကူအညီ ပေးသွားမှာဖြစ်တယ်လို့ သိရှိရပြီး ချက်ပြုတ်မှုတွေ ပြီးစီးပါက စားစရာ ဝေငှမယ့်အစီအစဉ် အတွက် မန်ချက်စတာ ယူနိုက်တင်အသင်းဟာ သူတို့အသင်းရဲ့ ကိုယ်ပိုင် Bus တွေကို အသုံးပြုသွားမယ်လို့လည်း သတင်းတွေအရ ကြားသိရပါတယ်။

Photo Credit: Daily Mail.com

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သတ်ပြီး အသင်းရဲ့ ပရိသတ်တွေဟာ အတော်လေးကို သဘောကျနေကြသလို တခြားအသင်းတွေရဲ့ ပရိသတ်တွေကလည်း သူတို့အားပေးတဲ​့ အသင်းတွေကို မန်ချက်စတာ ယူနိုက်တက် အသင်းလို လိုက်လံ လုပ်ဆောင်ဖို့ တိုက်တွန်း နေကြပါတယ်။ ဆက်စပ်သတင်းတွေအရတော့ အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်ဖြစ်တဲ့ (FA) ဟာ မတ်လမှ စတင်ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည်စတင်ဖို့ ကြိုးစားနေကြောင်း သိရပြီး ရပ်နားထားတဲ့ ပွဲစဉ်တွေကို ဇွန်လ ၈ရက်နေ့မှ ပြန်လည် ကစားဖို့ စီစဉ်ထားတယ်လို့ နီးစပ်သူတွေက ဖွင့်ဟထားကြပါတယ်။