မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ အုပ်စုကျပ်အတွင်းကို ရောက်ရှိနေပေမယ့် အုပ်စုအဆင့်ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကို အဝေးကွင်းမှာ အနိုင်ယူခဲ့ပြီး ခြေစွမ်းပြထားနိုင်ခဲ့တာကြောင့် အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်တတ်ကို တတ်လှမ်းနိုင်အောင် အသင်းဘက်ကနေ အကောင်းဆုံးကြိုးပမ်းသွားလိမ့်မယ်လို့ ယုံကြည်မိကြောင်း ယူနိုက်တက်ကစားသမားဟောင်း ရီယိုဖာဒီနန်ကနေ BT Sports ရုပ်သံမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Evening Standard

ယူနိုက်တက်အသင်းဟာ ပဲရစ်မှာ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အတွင်း ပီအက်စ်ဂျီအသင်းကို အကောင်းဆုံးတုန့်ပြန်ကစားခဲ့ရင်းနဲ့ (၁)ဂိုး(၂)ဂိုးနဲ့ အနိုင်ယူခဲ့ကာ တာထွက်လှခဲ့ရသလို ဒီနေ့ညမှာလည်း ပြိုင်ဘက်ကောင်းအသင်းတစ်သင်းဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းနဲ့ အိမ်ကွင်းအိုးထရက်ဖိုဒ့်မှာ ဧည့်ခံကစားရတော့မှာဖြစ်ပါတယ်။ တကယ်လို့ ယူနိုက်တက်အနေနဲ့ ဒီနေ့ညမှာကစားရမယ့် လိုက်ပ်ဇစ်နဲ့ပွဲအတွင်း နိုင်ပွဲထပ်ရခဲ့မယ်ဆိုရင် အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ဖို့က အခြေအနေအကောင်းဆုံး ဖြစ်သွားမှာမို့ အသေအချာကြိုးစားသွားမှာဖြစ်ပေမယ့် ဒီရာသီ ချန်ပီယံလိဂ်မှာတော့ အောင်မြင်မှု ကြီးကြီးမားမား ရယူနိုင်တော့မှာမဟုတ်ဘူးလို့ ဖာဒီနန်က ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Manchester Evening News

ဖာဒီနန်က “မန်ချက်စတာယူနိုက်တက်အသင်းကို ဒီရာသီ ချန်ပီယံလိဂ်မှာ အောင်မြင်မှုရယူနိုင်ဖို့ ရေပန်းစားနေတဲ့ အသင်းတွေရဲ့စာရင်းထဲမှာ ပါဝင်နေမှာမဟုတ်ဘူးလို့ပဲ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် သူတို့က ဒီအုပ်စုကနေ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ဖို့ကိုတော့ အကောင်းဆုံးကြိုးပမ်းလာပါလိမ့်မယ်။ အသင်းကလည်း တာထွက်ကောင်းထားခဲ့တာကို။ ဒါကြောင့် အကောင်းဆုံးပုံစံနဲ့ ဒီအုပ်စုကနေ နောက်တစ်ဆင့်တတ်လှမ်းအောင် လုပ်ဆောင်လာမှာဖြစ်ပြီး ရှံးထွက်အဆင့်တွေကနေ ပိုမိုတတ်လှမ်းနိုင်ဖို့ကတော့ မျှော်လင့်နေရုံပါပဲ။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီကထက် ဒီရာသီမှာ ပိုမိုတိုးတတ်လာဖို့ကတော့ အသင်းရဲ့ညီညွတ်မှုက အဓိကအချက်ဖြစ်နေမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဆက်လက်ပြီး ဖာဒီနန်က ဒီနှစ်ဘောလုံးရာသီအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကို စိန်ခေါ်နိုင်မယ့် ပရီးမီးယားလိဂ်ကလပ်အသင်းအဖြစ် မန်စီးတီးအသင်းကို မရွေးချယ်ခဲ့ပဲ လီဗာပူးလ်အသင်းကသာ ဘိုင်ယန်ကို စိန်ခေါ်နိုင်မယ့် တစ်သင်းတည်းသော အင်္ဂလန်ကလပ်အသင်းလို့ ထင်မြင်မိကြောင်း သူရဲ့ထင်မြင်ချက်ကို ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဘိုင်ယန် မန်စီးတီး လီဗာပူးလ်အသင်းတို့က ချန်ပီယံလိဂ်မှာ (၂)ပွဲဆက်တိုက် အနိုင်ရထားခဲ့ပြီး နောက်တစ်ဆင့်ကို စောစောစီးစီး တတ်လှမ်းကြဖွယ် ရှိနေပါတယ်။