ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တဦး ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဗဟိုနောက်ခံလူ ဗာရန်းကို ခေါ်ယူဖို့ ယခုတပတ်ထဲမှာပဲ အရှိန်မြှင့်ကာ ကြိုးပမ်းလာကြောင်း သိရပါတယ်။ အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမားတဦး ဖြစ်သလို ရီးရဲလ်မက်ဒရစ်အသင်းက သူ့ကို စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် အဆိုပါ ကမ်းလှမ်းမှုကို ပယ်ချကာ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားတဲ့ ကစားသမား တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ်အသင်းကလည်း ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို ကြီးကြီးမားမား ပြင်ဆင်ဖို့ စီစဉ်ထားတဲ့ အသင်း ဖြစ်တာကြောင့် အကယ်၍ ဗာရန်းကသာ အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုတော့ရင် ဗာရန်းကို ယခု နွေရာသီ အပြောင်းအရွှေ့မှာပဲ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ကနဦးမှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ဟာ ဗာရန်းကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပေမယ့် လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်း ကနေ ထွက်ခွာလာတဲ့ ဝါရင့် စပိန်နောက်ခံလူ ရာမို့စ်ကို ခေါ်ယူဖို့သာ ကြိုးစားနေတာကြောင့် ဗာရန်းကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းသာ ရှိပါတော့တယ်။

Photo Credit: Marca

စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တခုဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းကို ခေါ်ယူနိုင်ဖို့ ပိုမို အခြေအနေ ကောင်းလာသလို ယခုတပတ် အတွင်းမှာ ဗာရန်းရဲ့ အေးဂျင့်တွေနဲ့ အပြောင်းအရွှေ့ ကိစ္စတွေ အတွက် ဆွေးနွေးဖို့ စီစဉ်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ ဗာရန်းအတွက် ရီးရဲလ်မက်ဒရစ် အသင်းထံ တရားဝင် ကမ်းလှမ်းမှုတခု ပြုလုပ်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းကို ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်းနဲ့ စတင် ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်း ကတော့ ဗာရန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၀သန်း ဝန်းကျင် လိုချင်နေကာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ဟာ ဗာရန်းနဲ့ ပေါ့ဘာတို့ကို တိုက်ရိုက် အလဲအထပ် ပြုလုပ်ဖွယ် ရှိကြောင်း ပြင်သစ် အခြေစိုက် သတင်းထောက်တွေက သုံးသပ်ထားကြပါတယ်။