ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ အကယ်ဒမီ ထွက် ကစားသမားတစ်ဦး ဖြစ်တဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဂျက်စီ လင်ဂတ်အတွက် ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းမှုတိုင်းကို လက်ခံ စဉ်းစားသွားမယ်လို့ သိရပါတယ်။ အသက် ၂၇နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ အင်္ဂလန် ကစားသမား လင်ဂတ်ဟာ လွန်ခဲ့တဲ့ နှစ်တွေတုန်းက မန်ယူအသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ခဲ့ပေမယ့် လက်ရှိ ဘောလုံးရာသီမှာတော့ မိသားစု ကိစ္စတွေကြောင့် ကွင်းတွင်း ခြေစွမ်းပိုင်း အတော်လေးကို အားနည်းသွားခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးတစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Mirror

ဒါ့အပြင် လက်ရှိ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၃၉ပွဲအထိ ပါဝင် ကစားပေးခွင့် ရခဲ့ပေမယ့် သွင်းဂိုး ၄ဂိုး နဲ့ ဂိုးဖန်တီးမှု ၂ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာကလည်း လင်ဂတ်ဟာ မန်ယူအသင်းလို ထိပ်တန်း ပရီးမီးယားလိဂ် အသင်းတစ်သင်း အတွက် ကစားပေးနိုင်စွမ်း ရှိပါ့မလားဆိုတာကို သံသယ ဖြစ်စေတဲ့ အချက်တစ်ခုပါ။ လက်ရှိမှာတော့ မန်ယူအသင်းဟာ ဆန်ချို ၊ ဂရီးလစ် ၊ ဂါဘရီရယ် စတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် အဆိုပါ အပြောင်းအရွှေ့ အကုန်လုံးကို ပြုလုပ်ဖို့အတွက် အသင်းမှာရှိတဲ့ ကစားသမားတချို့ကို ရောင်းချသွားဖို့ လိုအပ်ပြီး အဆိုပါ ကစားသမားတွေထဲမှာ လင်ဂတ် ၊ စမောလင်း ၊ ဖီးလ်ဂျုံးစ် ၊ ဒါးလော့တို့လို စီနီယာ ကစားသမားတွေ ပါဝင်တယ်လို့ မန်ချက်စတာ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Guardian သတင်းဌာနရဲ့ အဆိုအရတော့ မန်ယူအသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ မှာ လင်ဂတ်အတွက် ကမ်းလှမ်းလာမယ့် ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေပြီး သင့်တော်တဲ့ ကမ်းလှမ်းမှုတွေကို ရရှိပါက ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ လင်ဂတ်ကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်ကြတဲ့ အဲဗာတန်အသင်း ၊ ဝက်ဟမ်းအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့က စိတ်ဝင်စားနေကြပြီး အီတလီ စီးရီးအေကလပ် အေစီမီလန်ကလည်း ခေါ်ယူနိုင်ချေ ရှိတဲ့ အသင်းတွေထဲမှာ ပါဝင်နေပါတယ်။ လင်ဂတ်ရဲ့ ကာလတန်ကြေး ကတော့ ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် ရှိပါတယ်။