ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ အတ္တလန်တာ ကြယ်ပွင့် ဟွိုက်လန်းအတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ပေါင် ၅၀သန်းတန် ကမ်းလှမ်းမှု တရပ် ပြုလုပ်တော့မယ်လို့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က တိုက်စစ်ပိုင်းမှာ အန်သိုနီ မာရှယ်နဲ့ မားကပ် ရက်ဖို့ဒ်တို့ နှစ်ဦးထဲကိုသာ ပိုင်ဆိုင်ထားတာကြောင့် မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ယခု နွေဈေးကွက် အတွင်းမှာ အထောင်တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး ဟွိုက်လန်းဟာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဒိန်းမတ် လက်ရွေးစင် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟွိုက်လန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ အတ္တလန်တာနဲ့အတူ စတင် တောက်ပလာသူ ဖြစ်ပြီး သူက အတ္တလန်တာ အတွက် ပြိုင်ပွဲစုံမှာ ၃၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၀ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဟွိုက်လန်းက အရပ်အမြင့် ၆ပေ ၄လက်မ ရှိသလို ပြေးအား ၊ တိုးအား ကောင်းတဲ့ လူငယ် တိုက်စစ်မှူး ဖြစ်ပြီး သူက ဒိန်းမတ်အသင်း အတွက် ၅ပွဲ ပါဝင် ကစားပေးထားရာမှာလည်း သွင်းဂိုး ၆ဂိုး အထိ သွင်းယူပေးနိုင်ခဲ့တာကြောင့် အနာဂတ်မှာ ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်လာနိုင်သူပါ။

Photo Credit: Football Transfer

သူ့ရဲ့ အရည်အချင်းနဲ့ တိုးတက်နိုင်စွမ်းတို့ကြောင့် အတ္တလန်တာက ဟွိုက်လန်းကို အသင်းမှာပဲ ဆက်ထားချင်နေပေမယ့် ဟွိုက်လန်းကတော့ လက်ရွေးစင် အသင်းဖော် အဲရစ်ဆင် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဆန္ဒ ပြင်းပျနေပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း ဟွိုက်လန်းအတွက် အတ္တလန်တာနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဟွိုက်လန်းရဲ့ အပြောင်းအရွှေ့ အတွက် အတ္တလန်တာနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေသလို ဟွိုက်လန်းအတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ပေါင် ၅၀သန်းတန် ကမ်းလှမ်းမှု တရပ် ပေးပို့ဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။