ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းတွေဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဖီအိုရင်တီးနားအသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် ဆာဘီးယားနောက်ခံကစားသမား နီကိုလာမီလန်ကိုဗစ်ကို ခေါ်ယူသွားဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြတယ်လို့ အီတလီအခြေစိုက် Calciomercato သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : United in Focus

အသက်(၂၃)နှစ်အရွှယ်ရှိ ဆာဘီးယားလက်ရွေးစင် နောက်ခံကစားသမား မီလန်ကိုဗစ်ဟာ ၂၀၁၇ခုနှစ်ကတည်းက ဆာဘီးယားကလပ် ပါတီဇန်ကနေ ဖီအိုရင်တီးနားကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိကနောက်ခံလူလည်းဖြစ်ပါတယ်။ ဗဟိုနောက်ခံလူတစ်ဦး ဖြစ်ပေမယ့်လည်း လိုအပ်ရင် ညာနောက်ခံလူအဖြစ်ပါ ပြောင်းလဲကစားတတ်တဲ့ မီလန်ကိုဗစ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ဖီအိုရင်တီးနားအသင်းအတွက် စီးရီးအေပွဲပေါင်း (၃၁)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၃)ဂိုးကိုပါ သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Football.London

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသလို့နေတဲ့ နောက်ခံလူမီလန်ကိုဗစ်ကို မန်ချက်စတာယူနိုက်တက်အပြင် ဝက်စ်ဟမ်းအသင်းကပါ စိတ်ဝင်စားလာခဲ့တယ်လို့ Calciomercato ကနေ ဖော်ပြလာပါတယ်။ ယူနိုက်တက်အသင်းက မီလန်ကိုဗစ်ကို ယခင်ကတည်းကနေ စတင်ပစ်မှတ်ထားလာခဲ့တာဖြစ်ပြီး လာမယ့်နွေမှာတော့ ခံစစ်မှူးတစ်ယောက် ခေါ်ယူဖို့ လိုအပ်နေတဲ့အတွက် မီလန်ကိုဗစ်ကို အသေအချာ ကမ်းလှမ်းလာနိုင်ပါတယ်။ ဒါပေမယ့် မီလန်ကိုဗစ်ကို ယူနိုက်တက်နဲ့အပြိုင် ဝက်စ်ဟမ်းကလည်း စိတ်ဝင်စားနေသလို ဝက်စ်ဟမ်းအသင်းက လာမယ့်ရာသီမှာ ဥရောပဝင်ခွင့် ရရှိသွားဖို့ ရှိနေတာကြောင့် ကစားသမားအနေနဲ့ ဝက်စ်ဟမ်းကိုလည်း ရွေးချယ်နိုင်ဖွယ် ရှိနေပါတယ်။ မီလန်ကိုဗစ်ကတော့ ဖီအိုရင်တီးနားအသင်းနဲ့ ၂၀၂၂ခုနှစ်အထိသာ စာချုပ်သက်တမ်း ကျန်ရှိတော့တာဖြစ်ပြီး သက်တမ်းတိုးဖို့လည်း ဆန္ဒမရှိတာကြောင့် အသင်းဘက်ကနေ သူ့ကို ဒီနွေစျေးကွက်မှာပဲ ရောင်းထုတ်ရတော့မှာဖြစ်ပါတယ်။ အရပ်(၆)ပေ(၄)လက်မလောက်အထိ မြင့်မားတဲ့ ခံစစ်ကစားသမား မီလန်ကိုဗစ်ကို ဖီအိုရင်တီးနားအသင်းဘက်ကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀) သတ်မှတ်လို့ထားပြီး ကစားသမားကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားချင်နေတယ်လို့ သိရှိရပါတယ်။