မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့ နွေဈေးကွက်တုန်းက ဘရိုက်တန်ရဲ့ အိုင်ယာလန် တိုက်စစ်မှူးလေး အီဗန် ဖာဂူဆန်ထက် အတ္တလန်တာက ဒိန်းမတ် တိုက်စစ်မှူး ရက်မတ်စ် ဟွိုင်လန်းကို ခေါ်ယူခဲ့တာဟာ မှန်ကန်တဲ့ ခေါ်ယူမှုတစ်ခုလို့ ကစားသမားဟောင်း လူးဝစ် ဆာဟာက ထောက်ခံ ပြောဆိုလာပါတယ်။
တိုက်စစ်မှူးတစ်ဦး လိုအပ်နေတဲ့ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေက တိုက်စစ်ကစားသမား အများအပြားကို ပစ်မှတ်ထားခဲ့ရင်း နောက်ဆုံးမှာတော့ အသက် (၂၀)အရွယ် တိုက်စစ်မှူး ဟွိုင်လန်းကိုသာ အတ္တလန်တာအသင်းကနေ ပြောင်းရွှေ့ကြေး ယူရို (၇၂)သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။
Photo Credit : Goal
ယူနိုက်တက် ပစ်မှတ်ထားခဲ့တဲ့ ကစားသမားထဲမှာ ဟယ်ရီကိန်း အိုဆင်မန် မူအာနီတို့အပြင် ဘရိုက်တန်က ဆယ်ကျော်သက် တိုက်စစ်မှူး ဖာဂူဆန်လည်း ပါဝင်ခဲ့ပေမယ့်လည်း ယူနိုက်တက်က နည်းပြ တန်ဟက်ဂ်ရဲ့ ကစားကွက်နဲ့ ပိုလိုက်ဖက်မယ့် ဟွိုင်လန်းကိုသာ ဦးစားပေး ခေါ်ယူခဲ့ပါတယ်။
ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆာဟာက “ယူနိုက်တက်အတွက် ဟွိုင်လန်းက ဖာဂူဆန်ထက် မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်ပါတယ်။ ကစားသမားနှစ်ဦးလုံးမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အလားအလာတွေ ရှိပေမယ့် ကိုယ် ဆုံးဖြတ်ချက် ချလိုက်တဲ့ အခါတိုင်းမှာ နောင်တရစရာ မလိုပါဘူး။”
Photo Credit : talkSPORT
“ဖာဂူဆန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ဟက်ထရစ်သွင်းတယ်။ ဟွိုင်လန်းကတော့ သူရဲ့ ပွဲဦးထွက် ကစားရတယ်။ သူတို့မှာ ကွဲပြာခြားနားတဲ့ လမ်းကြောင်းတွေ ရှိနေတာမို့ နှစ်ယောက်ကို နှိုင်းယှဉ်ပြောနေတာကတော့ အဓိပ္ပာယ် မရှိပါဘူး။ ဟွိုင်လန်းက (၂၅)မိနစ်လောက်ပဲ ကစားခဲ့ရပြီး သူ အရမ်းကောင်းအောင် ကစားပြနိုင်ခဲ့သလို ကြံခိုင်မှုနဲ့ ခွန်အားတွေလည်း ပြသသွားနိုင်ခဲ့တယ်။ ဒါက ယူနိုက်တက်အတွက် တကယ်ကောင်းတယ်။”
“သူက ဗဟိုခံစစ်မှူး နှစ်ယောက်ကို သိမ်းပိုက်နိုင်ပြီး သူရဲ့ အရှိန် ခွန်အားတွေနဲ့ နေရာလွတ်တောင် ဖြစ်နိုင်တယ်။ ပွဲအနည်းငယ်လောက်အပြီးမှာ သူ ရုပ်ပိုင်းဆိုင်ရာ လိုက်လျောညီထွေအောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာ စိတ်ဝင်စားပါတယ်။ ဒါပေမယ့် ဟွိုင်လန်းက မန်ယူနိုက်တက်အတွက် မှန်ကန်တဲ့ ရွေးချယ်မှုလို့တော့ ကျွန်တော် ယုံကြည်တယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။