MySport Myanmar

ဒီဂျောင်ကို အိုးထရက်ဖို့ဒ်ကွင်းထဲမှာ အခမ်းအနားနဲ့ ကြိုဆိုဖို့ စီစဉ်နေတဲ့ မန်ယူ

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က ဘာစီလိုနာ ကွင်းလယ်ကြယ်ပွင့် ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ရော ၊ ကစားသမားနဲ့ပါ ပဏာမ သဘောတူညီမှုတွေ ရယူထားနိုင်တာကြောင့် ယခုအချိန်မှာတော့ ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ကို ဘယ်လိုပုံစံနဲ့ ကြေညာမလဲ ဆိုတာ စီစဉ်နေကြောင်း နာမည်ကြီး သတင်းဌာန အများအပြားက တညီတညွတ်ထဲ ဖော်ပြသွားပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်ဗိုလ်ချုပ် ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ နွေအပြောင်းအရွှေ့ စတင်ချိန်ကတည်းက ကြိုးပမ်းခဲ့တာ ဖြစ်ပြီး ယခု သီတင်းပတ်ထဲ ရောက်မှသာ ဘာစီလိုနာနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့တာပါ။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်ကို ပြောင်းရွှေ့ကြေး စုစုပေါင်း ယူရို ၈၅သန်းနဲ့ ခေါ်ယူဖို့ ဘာစီလိုနာနဲ့အတူ သဘောတူညီမှု ရရှိထားတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်နဲ့လည်း ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုကို ယမန်နေ့မှာပဲ ရယူနိုင်ခဲ့ပါတယ်။

ဘာစီလိုနာနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ရိုမဲရိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်ကို ဘာစီလိုနာမှာ ရနေတဲ့ လုပ်ခလစာအတိုင်း ပေးချေကာ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး ဘာစီလိုနာဘက်က ဒီဂျောင်ကို နှုတ်ဆက်ဖို့ ဗွီဒီယို တပုဒ်တောင် ပြင်ဆင်ပြီးပြီလို့ သိရပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနကလည်း မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်ကို ခေါ်ယူဖို့ ၁၀၀ ရာခိုင်နှုန်း သေချာနေကြောင်းကို ထပ်ဆင့် အတည်ပြုပေးခဲ့သလို မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်ကို အိုးထရက်ဖို့ဒ်ကွင်း အတွင်းမှာ အခမ်းအနား တခု ပြုလုပ်ကာ ကြိုဆိုဖို့ ပြင်ဆင်နေကြောင်းပါ ဖော်ပြထားပါသေးတယ်။

Exit mobile version