မန်ချက်စတာယူနိုက်တက်အသင်းကတော့ ကွင်းလယ်ပိုင်းအတွက် နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒီဘိခ်ကို ခေါ်ယူထားခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ စပိန်ကွင်းလယ်လူ သီယာဂိုအယ်ကန်တာရာကို ထပ်မံခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက်ရှိနေတဲ့အပြင် နီမန်ဂျာမာတစ်လက်သစ်လို့ တင်စားခေါ်ဆိုခံနေရတဲ့ အူရောစ်ယေဆစ်ဆိုတဲ့ ဆာဘီးယားကွင်းလယ်ကစားသမားကိုပါ ခေါ်ယူသွားဖို့ ပစ်မှတ်ထားလာခဲ့တယ်လို့ The Sun သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : MUFC Latest

အသက်(၂၂)နှစ်သာရှိသေးတဲ့ ဆာဘီးယားကွင်းလယ်ကစားသမား ယေဆစ်ဟာ ၂၀၁၈ခုနှစ်ကမှ ဆာဘီးယားကလပ် ရက်စတားဘဲလ်ဂရိတ်အသင်းကနေ ယူရို(၂.၂)သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းမှာ ရာသီဝက်ကစားပြီးတဲ့နောက် အသင်းနဲ့ သိပ်အံ့မဝင်သေးလို့ စပိန်ကလပ် ထန်နရီအသင်းဆီ အငှားချခဲ့သလို အဲ့ဒီကနေတစ်ဆင့် ပေါ်တူဂီကလပ် ဖန်မလီကာအိုအသင်းဆီ တစ်ရာသီအငှားချခဲ့ပါသေးတယ်။ လက်ရှိမှာ ဗလင်စီယာအသင်းဆီ ပြန်လည်ရောက်ရှိနေတဲ့ ယေဆစ်ကို ယူနိုက်တက်အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး ပေါင်သန်း(၃၀)ဝန်းကျင်နဲ့ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။

Photo Credit : MUFC Latest

ဗလင်စီယာအသင်းကတော့ သူတို့ကစားသမားအတွက် စာချုပ်လျော်ကြေးကို ပေါင်(၉၂)သန်းအထိ ချုပ်ဆိုထားတယ်ဆိုပေမယ့်လည်း ဗလင်စီယာအသင်းက လက်ရှိမှာ ဘဏ္ဍာရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်လို့နေရတာကြောင့် ယေဆစ်ကို ပြောင်းရွှေ့ကြေး ပေါင်(၂၈)သန်းလောက်နဲ့ပါ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ ယေဆစ်ဟာ ယူနိုက်တက်ရဲ့ပြင်သစ်ကွင်းလယ်ကစား ပေါလ်ပေါ့ဘာကို နှစ်သက်သဘောကျတဲ့သူဖြစ်ပြီး ကွင်းလယ်ပိုင်းနဲ့ ကွင်းလယ်ခံစစ်နေရာတွေမှာ ပါဝင်ကစားတတ်တဲ့ အရပ်(၆)ပေ(၄)လက်မရှိ ဆာဘီးယားကွင်းလယ်လူတစ်ယောက်ဖြစ်ပါတယ်။ သူရဲ့အရပ်အမောင်းနဲ့ ကစားဟန်တွေကြောင့် သူရဲ့စီနီယာကစားသမားကြီးမာတစ်နဲ့ ခိုင်းနှိုင်းခံနေရတာဖြစ်ပေမယ့် ဗလင်စီယာအသင်းမှာတော့ အနာဂတ်မရေမရာဖြစ်လို့နေပြီး လီဗန်တေးအသင်းနဲ့ ကစားသွားခဲ့တဲ့ ဗလင်စီယာဒါဘီပွဲမှာလည်း ဒုတိယပိုင်းပြီးခါနီးလောက်မှသာ ပါဝင်ကစားခဲ့ရပြီး အသင်းနဲ့ လမ်းခွဲဖွယ်လည်း ရှိနေပါတယ်။ ယူနိုက်တက်က လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဂါရတ်ဘေးလ်နဲ့ ဆာဂျီယိုရယ်ဂီလွန်တို့ကိုလည်း ဆက်လက်ခေါ်ယူသွားဖို့ ကြိုးပမ်းနေလျက်ရှိနေပါတယ်။