မန်ချက်စတာယူနိုက်တက်အသင်းဟာ နာပိုလီအသင်းရဲ့ မက္ကဆီကို တောင်ပံကစားသမား လိုဇာနိုရဲ့ လက်ရှိ အသင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ အခြေအနေတွေကို စောင့်ကြည့်လျက် ရှိနေတယ်လို့ အီတလီအခြေစိုက် သတင်းမီဒီယာ Il Corriere dello Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football Italia

အသက်(၂၇)နှစ်အရွယ်ရှိ မက္ကဆီကိုလက်ရွေးစင် ကစားသမား လိုဇာနိုဟာ ၂၀၁၉ခုနှစ်ကတည်းက နယ်သာလန်ကလပ် PSV အသင်းကနေ နာပိုလီအသင်းဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် လိုဇာနို PSV အသင်းမှာ ကစားခဲ့စဉ်ကတည်းက ယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ နာပိုလီအသင်းနဲ့ စတုတ္ထမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေရတဲ့ လိုဇာနိုက ဒီရာသီရဲ့ အဖွင့်ပွဲတွေမှာ ပွဲထွက်ကစားသမားအဖြစ် တောက်လျှောက် ကစားခဲ့ရပေမယ့်လည်း နောက်ပိုင်းပွဲစဉ်တွေမှာတော့ လူစားဝင် ကစားသမားအဖြစ်သာ ဆက်တိုက် ကစားခဲ့ရပါတယ်။

Photo Credit : AS Diario

လိုဇာနိုဟာ နာပိုလီအသင်းရဲ့ စီးရီးအေ နောက်ဆုံးပွဲ(၄)ပွဲဆက်တိုက် အသင်းရဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံရပြီး မီလန်နဲ့ ကစားခဲ့တဲ့ စီးရီးအေပွဲမှာလည်း unused substitute အဖြစ်သာ ပါဝင်ထားခဲ့ရပါတယ်။ ဒီအခြေအနေအပေါ် လိုဇာနိုကိုယ်တိုင် စိတ်ပျက်လို့နေပြီး အသင်းမှာပါ မပျော်မရွှင် ဖြစ်လာခဲ့လို့ လာမယ့် ဇန်နဝါရီလအတွင်းမှာပဲ အသင်းပြောင်းဖို့အထိပါ စဉ်းစားလာခဲ့ပါတယ်။ နာပိုလီကလည်း လိုဇာနိုကို ရောင်းချသွားဖို့ အစီအစဉ် ရှိနေပေမယ့်လည်း သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကိုတော့ အနိမ့်ဆုံး ယူရိုသန်း(၃၀)လောက်အထိကို အလိုရှိနေတယ်လို့ သိရပါတယ်။ လိုဇာနိုဟာ နာပိုလီအသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်ပေမယ့်လည်း လက်ရှိအခြေအနေအရ ကစားသမားကိုယ်တိုင်ရော အသင်းဘက်ကပါ လာမယ့် ဆောင်းဈေးကွက်အရောက်မှာပဲ လက်တွဲဖြုတ်ကြမယ့် အနေအထားတွေ ဖြစ်နေတာကြောင့် ကမ္ဘာ့ဖလားအပြီးမှာပဲ လိုဇာနိုကို အသင်းသစ်တစ်သင်းမှာ မြင်တွေ့ရဖွယ် ရှိနိုင်ပါတယ်။ လက်ရှိမှာတော့ လိုဇာနိုကို ယူနိုက်တက် အပါအဝင် ဥရောပထိပ်တန်း ကလပ်အသင်းတချို့ကလည်း စောင့်ကြည့်လျက် ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။