ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက် အတွင်းမှာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားမြှင့်တင်ဖို့ စီစဉ်နေရာ အေစီမီလန်နဲ့အတူ တောက်ပနေတဲ့ ပေါ်တူဂီ လူငယ်ကြယ်ပွင့် ရာဖေးလ် လီယာအိုကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၃နှစ် အရွယ် ပေါ်တူဂီ တောင်ပံတိုက်စစ် ကစားသမား ရာဖေးလ် လီယာအိုက ၂၀၁၉ခုနှစ်မှာ လိုင်လီကနေ အေစီမီလန်ထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အေစီမီလန်ရဲ့ မရှိမဖြစ် တိုက်စစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း အေစီမီလန် အတွက် ပြိုင်ပွဲစုံမှာ ၄၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၄ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Standard

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်က ရိုနယ်ဒို ၊ မာရှယ် ၊ ရက်ဖို့ဒ် ၊ ဆန်ချိုနဲ့ အန်တိုနီတို့လို အရည်အသွေးမြင့် တိုက်စစ် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ အသက်အရွယ်ကြောင့် အကျပိုင်းကို ရောက်နေသလို လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းကို စွန့်ခွာဖို့ ရာခိုင်နှုန်း များပြားနေတာကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ဟာ ရိုနယ်ဒိုရဲ့ နေရာအတွက် ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြအဖွဲ့နဲ့ ကစားသမားသစ် စုဆောင်းရေးဌာနတို့က အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အထောင်တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ထက် ဘယ်တောင်ပံမှာ ကစားနိုင်တဲ့ တောင်ပံတိုက်စစ် ကစားသမား တဦးကို ခေါ်ယူကာ ရက်ဖို့ဒ်ကို အထောင်တိုက်စစ်မှူးနေရာ ကစားခိုင်းဖို့ စီစဉ်နေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ် ကစားသမားတွေကတော့ လီယာအိုနဲ့ ပီအက်စ်ဗွီ တိုက်စစ်မှူး ဂတ်ပိုတို့ပဲ ဖြစ်ပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ကင်းထောက်တွေကို စေလွှတ်ကာ လီယာအိုရဲ့ ခြေစွမ်းကို အနီးကပ် စောင့်ကြည့် လေ့လာမှုတွေ ပြုလုပ်ခိုင်းထားပြီး အကယ်၍ သူတို့ကသာ လီယာအိုရဲ့ ခြေစွမ်းကို သဘောကျရင် လာမယ့် နွေဈေးကွက်မှာပဲ လီယာအိုကို ခေါ်ယူရန် ကြိုးစားမယ်လို့ သိရပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကင်းထောက်တွေကသာ လီယာအိုရဲ့ ခြေစွမ်းကို သဘောမကျရင် မန်ချက်စတာ ယူနိုက်တက်ဟာ လီယာအိုအစား ပီအက်စ်ဗွီ တိုက်စစ်မှူး ဂတ်ပိုကိုပဲ လာမယ့် ဆောင်းရာသီဈေးကွက်မှာ ခေါ်ယူဖွယ် ရှိနေကြောင်းလည်း ရိုမာနိုက ဆိုပါတယ်။