မန်ချက်စတာ ယူနိုက်တက် ၊ ရီးယဲလ်မက်ဒရစ်နဲ့ နယ်သာလန်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်ပြီး လက်ရှိမှာတော့ ဘောလုံးနည်းပြတစ်ဦးအဖြစ် ရပ်တည်နေတဲ့ ရုဒ် ဗန် နစ္စတဲလ်ရွိုင်းကို သူ့အသင်းဟောင်း မန်ယူနိုက်တက်နဲ့ ဘန်လေအသင်းတို့က အပြိုင်လုသွားကြဖို့ ရှိနေတယ်လို့ သိရပါတယ်။
နယ်သာလန် ထိပ်သီးကလပ် PSV အသင်းကို တစ်ရာသီအတွင်း ဆုဖလား (၂)လုံး ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးမှ နည်းပြရာထူးကနေ နုတ်ထွက်ထားတဲ့ နည်းပြ နစ္စတဲလ်ရွိုင်းကို လက်ရှိမှာ ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ဆီ တန်းဆင်းသွားတဲ့ ဘန်လေက အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ချင်နေသလို ယူနိုက်တက်ဘက်ကလည်း အသင်းနည်းပြအဖွဲ့ဝင်အတွက် တာဝန်ပေးစေချင်နေပါတယ်။
Photo Credit : UEFA
ယူနိုက်တက် တိုက်စစ်မှူးဟောင်းကြီး နစ္စတဲလ်ရွိုင်းက ကစားသမားဘဝမှာလည်း ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုးပေါင်း (၁၅၀)အထိတောင် သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး အသင်းနဲ့လည်း ပရီးမီးယားလိဂ်ဖလား ၊ အက်ဖ်အေဖလား ၊ လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်းတွေအထိ ဆွတ်ခူးခဲ့သလို ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုကိုလည်း ပိုင်ဆိုင်ခဲ့ရပါသေးတယ်။
ယူနိုက်တက်ကနေ ထွက်ခွာပြီး ရီးယဲလ် ၊ ဟမ်းဘတ်နဲ့ မာလာဂါတို့ဆီ ပြောင်းရွှေ့ကစားပြီးနောက် ကစားသမားဘဝကနေ အနားယူပြီး နည်းပြနယ်ပယ်ထဲ စတင် ခြေချလာခဲ့ကာ နယ်သာလန် လက်ထောက်နည်းပြအဖြစ် (၂)ကြိမ်နဲ့ PSV အသင်းရဲ့ ယူ-၁၉အသင်း အရန်အသင်းနဲ့ စီနီယာအသင်းတွေအထိပါ ကိုင်တွယ်ခဲ့ပါတယ်။
Photo Credit : Football365
PSV အသင်းကို နယ်သာလန် ရှုံးထွက်ဖလားနဲ့ ကွင်းဖွင့်ဒိုင်းတို့ကို တစ်ရာသီအတွင်းမှာပဲ ရယူပေးနိုင်ခဲ့ပြီး PSV နဲ့ လမ်းခွဲခဲ့တဲ့ နည်းပြ နစ္စတဲလ်ရွိုင်းကို နည်းပြလစ်လပ်နေတဲ့ ဘန်လေအသင်းက နည်းပြသစ်အဖြစ် ခန့်အပ်သွားချင်နေပြီး ဒီလို ခန့်အပ်နိုင်ဖို့က နစ္စတဲလ်ရွိုင်းရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်နေပါတယ်။
ဒီအချိန်မှာပဲ နစ္စတဲလ်ရွိုင်းရဲ့ အသင်းဟောင်း ယူနိုက်တက်က အသင်းက နည်းပြအဖွဲ့ဝင်တွေ အားလုံးနီးပါးကို အပြောင်းအလဲ လုပ်ဆောင်သွားဖို့ ရှိနေရာ တစ်ချိန်က အသင်းမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ဖူးတဲ့ နစ္စတဲလ်ရွိုင်းကို နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ပေးသွားဖို့ ကမ်းလှမ်းမှုပါ ပြုလုပ်ထားတယ်လို့ ဖာဘရီဇီယို ရိုမာနိုကိုယ်တိုင် ဖော်ပြထားခဲ့ပါတယ်။