ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် အက်သလက်တီကို မက်ဒရစ် ကနေ ထွက်ခွာခွင့် ရထားတဲ့ ပေါ်တူဂီ တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို ရာသီဝက်အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူရန် စဉ်းစားနေကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သူ ရိုနယ်ဒိုနဲ့ လမ်းခွဲခဲ့ပြီးနောက် တိုက်စစ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေခဲ့ပြီး မာရှယ်နဲ့ ရက်ဖို့ဒ်တို့သာ ရှိနေတဲ့ အထောင်တိုက်စစ်ပိုင်း အတွက် တိုက်စစ်မှူး တဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေပါတယ်။

Photo Credit: Mirror

တဖက်မှာတော့ အသက် ၂၃နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ဂျာအိုဖီးလစ်က အရည်အသွေးမြင့် လူငယ် တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် အက်သလက်တီကို မက်ဒရစ်နည်းပြ ဆီမြွန်နီနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားသူ ဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်ကလည်း အသင်းရဲ့ ကစားကွက်နဲ့ အံမဝင်တဲ့ ဂျာအိုဖီးလစ် အတွက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ် ရမယ် ဆိုရင် ဂျာအိုဖီးလစ်ကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် ဖြစ်တဲ့ United Standရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဂျာအိုဖီးလစ်ကို ရာသီဝက်အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ မျက်စိကျနေပြီး ဂျာအိုဖီးလစ်ရဲ့ အေးဂျင့်ဖြစ်သူ မန်ဒက်စ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ကြားထဲမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဒါပေမယ့် ဂျာအိုဖီးလစ်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် တသင်းထဲ မဟုတ်ပဲ ချယ်လ်ဆီး ၊ အာဆင်နယ်နဲ့ တခြား ဥရောပ ထိပ်သီးအသင်းတွေကလည်း ဂျာအိုဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။