ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ပေါ့ဘာရဲ့ အေးဂျင့်တွေနဲ့ တရားဝင် ဆွေးနွေးမှုတွေကို ယနေ့မှာပဲ စတင်လိုက်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြမှုတွေအရ သိရှိရပါတယ်။ အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဆက်ရှိနေဖို့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ကစားသမား တဦးလည်း ဖြစ်ပါတယ်။

Photo Credit: 90 Min

ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် သူ့ရဲ့ ကစားသမား ဘဝ အမြင့်မားဆုံး အောင်မြင်မှုတွေကို အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းမှာ ရရှိခဲ့ပြီး ဂျူဗင်တပ်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၀၅သန်းနဲ့ ပြန်လည် ပြောင်းရွှေ့လာအပြီးမှာ အသင်းနဲ့ ယူရိုပါလိဂ်ဖလား တလုံး ၊ ကားလင်းဖလား တလုံးနဲ့ ကွန်မြူနတီဒိုင်း တကြိမ်တို့ကိုသာ ရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ ပေါ့ဘာဟာ ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို စိန်ခေါ်နိုင်မယ့် ထိပ်တန်းအသင်း တသင်းဆီ ပြောင်းရွှေ့ချင်နေပြီး မန်ချက်စတာ ယူနိုက်တက် ကတော့ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ပေါ့ဘာကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းဖို့ ဆန္ဒရှိနေပါတယ်။

Photo Credit: 90 Min

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယနေ့မှာ ပေါလ်ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူတွေနဲ့ စတင် တွေ့ဆုံကာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေကို တရားဝင် စတင်ခဲ့ပြီ ဖြစ်ကာ ပေါ့ဘာဘက်က အသင်းမှာ ဆက်နေဖို့ မရေမရာ ဖြစ်နေပေမယ့် ယူနိုက်တက်ဘက် ကတော့ ပေါ့ဘာကို မရောင်းချချင်သလို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားချင်ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ ပေါ့ဘာကို ခေါ်ယူဖို့ အတွက် ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီ ၊ လာလီဂါ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် ၊ ပေါ့ဘာရဲ့ အသင်းဟောင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းတို့က စိတ်ဝင်စားနေပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားနဲ့ တာဝန်ရှိသူတွေဟာ ပေါ့ဘာကို အသင်းရဲ့ ထောက်တိုင် ကစားသမား အဖြစ် ရှုမြင်နေကြပါတယ်။