ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ အီတလီ စီးရီးအေ အင်အားကြီး အသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သူတို့ အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း ဝန်းကျင်နဲ့ ရောင်းချ ချင်နေပြီး ကစားသမား အလဲအထပ် ဆိုပါကလည်း ဂျူဗင်တပ်အသင်းမှာ ကစားနေတဲ့ သူတို့အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ရိုနယ်ဒိုနဲ့သာ အလဲအထပ် လုပ်ချင်နေကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၇နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်တော့သူ ဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ ငြင်းဆန်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းကနေ အနှေးနဲ့အမြန် ထွက်ခွာတော့မယ့် ကစားသမားပါ။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ‌ ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှ စတင်ကာ တောက်လျှောက် ကြိုးစားခဲ့ပေမယ့် ပေါ့ဘာကို အသင်းမှာ ဆက်ရှိနေအောင် စည်းရုံးနိုင်ခဲ့ခြင်း မရှိသလို ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာကလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ ပေါ့ဘာရဲ့ ယူနိုက်တက် ကစားသမားဘဝဟာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ပြောဆို သွားခဲ့ပါတယ်။ ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရဖို့ အတွက် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့နဲ့ နွေရာသီ အပြောင်းအရွှေ့တို့မှာ ကျိန်းသေပေါက် ရောင်းထုတ် သွားရမှာ ဖြစ်ပြီး ပေါ့ဘာကို ခေါ်ယူဖို့ သူ့ရဲ့ အသင်းဟောင်း တစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းက ကြိုးစား လာမှာ ဖြစ်ပါတယ်။

Photo Credit: Mirror

ဂျူဗင်တပ်အသင်းဟာ ဘဏ္ဏာရေး အကြပ်အတည်းကြောင့် ပေါ့ဘာအတွက် မန်ချက်စတာ ယူနိုက်တက် အသင်းဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်၅၀သန်းကို ပေးချေနိုင်မှာ မဟုတ်ပဲ အသင်းမှာ စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်တော့တဲ့ အာဂျင်တီးနား တိုက်စစ်မှူး ဒိုင်ဘာလာနဲ့ ပေါ့ဘာကို အလဲအထပ် လုပ်ဖို့ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ကမ်းလှမ်းမှာ ဖြစ်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ ထားကြပါတယ်။ ဥရောပ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Independent ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပေါ့ဘာနဲ့ အလဲအထပ် လုပ်ရမယ် ဆိုပါက ဒိုင်ဘာလာ ထက် သူတို့အသင်းရဲ့ ကစားသမား ဖြစ်သူ ရိုနယ်ဒိုကိုသာ အလိုရှိနေပြီး သူတို့အသင်းရဲ့ အဓိက စပွန်ဆာ ကုမ္ပဏီဖြစ်တဲ့ Chevrolet ကလည်း ရိုနယ်ဒိုကို ခေါ်ယူဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။