ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား တဦး ဖြစ်သူ ဂရင်းဝုဒ်ကို လူမှုရေး ပြဿနာ တချို့ကြောင့် ကာလအတန်ကြာ လက်လွှတ်ရဖို့ ရှိနေတာကြောင့် စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာ ကနေ ထွက်ခွာခွင့် ရရှိထားတဲ့ ပြင်သစ် တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း ဥရောပ အခြေစိုက် သတင်းဌာန တချို့က ဆိုပါတယ်။
အသက် ၂၀အရွယ် အင်္ဂလန် လူငယ်ကြယ်ပွင့် ဂရင်းဝုဒ်ဟာ သူ့ရဲ့ အတူနေချစ်သူ ရော့ဘ်ဆင်အပေါ် အိမ်တွင်း အကြမ်းဖက်မှု ကျူးလွန်ခဲ့သလို ရော့ဘ်ဆင်ရဲ့ ဆန္ဒမပါပဲ အတင်းအဓမ္မ လိင်ဆက်ဆံဖို့ ကြိုးစားခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့အတူ မန်ချက်စတာမြို့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီး စုံစမ်း စစ်ဆေးခြင်းကို ခံနေရပြီး မန်ချက်စတာ ယူနိုက်တက်က ဒီအမှုကိစ္စ ဖြစ်ပွားပြီး နောက်ပိုင်းမှာ သူ့ကို အသင်းကနေ ယာယီ ထုတ်ပယ်ထားပါတယ်။
Photo Credit: Express
ဂရင်းဝုဒ်ရဲ့ ပြစ်ဒဏ် ကျူးလွန်မှုတွေကို ရော့ဘ်ဆင်က ဗွီဒီယို တခုနဲ့ အမိအရ သက်သေ ရယူခဲ့တာကြောင့် ဂရင်းဝုဒ်အနေနဲ့ တရားရင်ဆိုင်ရဖို့ များနေပြီး မန်ချက်စတာ ယူနိုက်တက်အနေနဲ့လည်း ဂရင်းဝုဒ်ကို အနည်းဆုံး ၁လဝန်းကျင် အသင်းကနေ ထုတ်ပယ်ထားရနိုင်ချေ ရှိပါတယ်။
ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ဂရင်းဝုဒ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် တောင်ပံတိုက်စစ် ကစားသမား တဦးကို ရှာဖွေနေပြီး ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ၅လကျော်သာ ကျန်တော့တဲ့ ဒမ်ဘီလီဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။
Photo Credit: Express
နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Foot Mercatoရဲ့ သတင်းထောက် ဆန်တီ အော်နာကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ယနေ့မနက် အစောပိုင်းမှာပဲ ဒမ်ဘီလီကို ခေါ်ယူဖို့ သူ့ရဲ့ အေးဂျင်နဲ့ ဘာစီလိုနာတို့ထံ ချိတ်ဆက်လာခဲ့ပြီး ဒမ်ဘီလီ အတွက် ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ပေးချေဖို့ အဆင်သင့် ရှိနေကြောင်း ယနေ့မနက်မှာပဲ အတိအကျ ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ဒမ်ဘီလီဟာ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီထံ ပြောင်းရွှေ့ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရယူထားတာကြောင့် မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဒမ်ဘီလီကို ခေါ်ယူဖို့ မလွယ်ကူပဲ ပီအက်စ်ဂျီက ဒမ်ဘီလီကို မခေါ်ယူဖို့ ဆုံးဖြတ်လိုက်မှသာ မန်ချက်စတာ ယူနိုက်တက်က ဒမ်ဘီလီကို ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။