MySport Myanmar

ယူနိုက်တက် အလိုရှိနေတဲ့ နူနက်ဇ် ချန်ပီယံလိဂ် ဝင်ခွင့်ရ အသင်းကိုသာ ရွေးချယ်ဖွယ်ရှိနေ

လာမယ့်နွေမှာ အထောင်တိုက်စစ်ကစားသမား ရှာပုံတော်ဖွင့်မယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘင်ဖီကာအသင်းရဲ့ ပါရာဂွေးတိုက်စစ်ကစားသမားလေး ဒါဝင်နူနက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)နဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိတဲ့ ကလပ်အသင်းကိုသာ ဦးစားပေး ရွေးချယ်ဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Red Devil Armada

အသက်(၂၂)နှစ်သာ ရှိနေသေးတဲ့ ပါရာဂွေးလက်ရွေးစင် တိုက်စစ်ကစားသမားလေး နူနက်ဇ်ဟာ ၂၀၂ဝခုနှစ်ကတည်းက ဘင်ဖီကာအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ဘင်ဖီကာအသင်းအတွက် (၇၇)ပွဲထိကို ပါဝင်ကစားထားခဲ့သလို သွင်းဂိုး (၄၀)ထိ သွင်းယူလို့ထားပြီး ဒီနှစ်ဘောလုံးရာသီမှာလည်း စုစုပေါင်း သွင်းဂိုး (၂၆)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ တောင်အမေရိက ကြယ်ပွင့်လေး နူနက်ဇ်ဟာ ဘယ်ခြေအားသန်တဲ့ ကစားသမားဖြစ်ပြီး ပြေးအား တိုက်စစ်ကစားအား အထူးကောင်းမွန်သူ ဖြစ်သလို ဘင်ဖီကာအသင်းကိုလည်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ထိ တတ်လှမ်းနိုင်စေမယ့် အဆုံးအဖြတ် သွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit : Marca

ဘင်ဖီကာအသင်းအတွက် ခြေစွမ်းကောင်းတွေ တဖြည်းဖြည်း ပြသလာနိုင်တဲ့ နူနက်ဇ်ကို ယူနိုက်တက် အာဆင်နယ်အသင်းတွေ အပါအဝင် ဥရောပထိပ်တန်း ကလပ်အသင်းများစွာကနေ စိတ်ဝင်စားလျက် ရှိနေကြသလို နူနက်ဇ်အတွက် ပြောင်းရွှေ့ကြေးကိုလည်း ဘင်ဖီကာဘက်က ပေါင်(၆၇)သန်းလောက်အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ နူနက်ဇ်ဟာ ဘင်ဖီကာအသင်းနဲ့လည်း ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေတာဖြစ်လို့ နူနက်ဇ်ကို ခေါ်ယူဖို့က ထင်ထားတာထက်ကို ပိုမိုခက်ခဲနိုင်ဖွယ် ရှိနိုင်သလို နူနက်ဇ်ကိုယ်တိုင်ကလည်း အသင်းပြောင်းဖြစ်မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိတဲ့ ကလပ်အသင်းမျိုးကိုသာ ရွေးချယ်ဖွယ် ရှိနေတာကြောင့် လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာမှာသာ ရပ်တည်နေရတဲ့ ယူနိုက်တက်အတွက် ခေါင်းခဲရစရာ ဖြစ်လာနိုင်ပါတယ်။ လတ်တလော အခြေအနေတွေအရ Top 4 နေရာကို ပိုင်ဆိုင်ထားပြီး တိုက်စစ်ပိုင်း လိုအပ်ချက်လည်း ရှိနေတဲ့ အာဆင်နယ်အသင်းကသာ နူနက်ဇ်ကို ခေါ်ယူဖို့ အခြေအနေကောင်းလို့နေပြီး အသက်လက်တီကို စပါးအသင်းတွေနဲ့အပြိုင် ကမ်းလှမ်းရဖွယ် ရှိနိုင်ပါတယ်။

Exit mobile version