ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွဲယား အတွက် ကမ်းလှမ်းမှုတွေ များစွာ ရရှိနေတာကြောင့် မက်ဂွဲယားရဲ့ တန်ကြေးကို ပေါင် ၄၀သန်း အထိ တိုးမြှင့် သတ်မှတ်လိုက်ကြောင်း ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၀ အရွယ် အင်္ဂလန်လက်ရွေးစင် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွဲယားက ၂၀၁၉ခုနှစ်မှာ လက်စတာ စီးတီး ကနေ မန်ချက်စတာ ယူနိုက်တက်ထံ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၈၇သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ရောက်ရောက်ချင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ မရှိမဖြစ် ခံစစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

မက်ဂွဲယားက ၂၀၁၉-၂၀၂၀ ၊ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီတွေမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ဗဟိုခံစစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် အသင်းခေါင်းဆောင်ရာထူးကို ရရှိခဲ့ပေမယ့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှ စတင်ကာ သူဟာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို မကြာခဏ အမှားတွေလည်း လုပ်မိခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က မက်ဂွဲယားကို အသင်းခေါင်းဆောင်ရာထူး ကနေ ဖြုတ်ချကာ အဓိက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ကို အသင်းခေါင်းဆောင်သစ် အဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ပြီး အသင်းခေါင်းဆောင်ရာထူး ကနေ ဖယ်ရှားခံခဲ့ရပြီးနောက် မက်ဂွဲယားဟာ အသင်းပြောင်းဖို့ စတင် စဉ်းစားလာပါတယ်။

Photo Credit: Tribuna

လက်ရှိမှာတော့ ပရီးမီးယားလိဂ်ကလပ်တွေ ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ စပါး ၊ အီတလီ စီးရီးအေ နာမည်ကြီးကလပ်တွေ ဖြစ်ကြတဲ့ ဂျူဗင်တပ် ၊ အင်တာမီလန် ၊ အေစီမီလန် စတဲ့ အသင်းတွေက မက်ဂွဲယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဝက်စ်ဟမ်းက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ မက်ဂွဲယားကို ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ ဝက်စ်ဟမ်းရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း ပယ်ချခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က အသင်းခေါင်းဆောင်ဟောင်း မက်ဂွဲယားကို ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း ရမှ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင် ပေါင် ၅၀သန်း အထိ တိုးမြှင့် တောင်းခံဖို့ စဉ်းစားထားကြောင်း သိရပါတယ်။