ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လစ်လပ်နေတဲ့ သူတို့အသင်းရဲ့ နည်းပြနေရာမှာ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုကို ခေါ်ယူ ခန့်အပ်ဖို့ အရှိန်မြှင့် ကြိုးပမ်းနေပေမယ့် အကယ်၍ ပိုချက်တီနိုကိုသာ မခေါ်နိုင်ခဲ့ရင် ဘာစီလိုနာအသင်းရဲ့ နည်းပြဟောင်း ဗယ်ဗာဒီကို ယာယီနည်းပြ အဖြစ် ရာသီကုန် အထိ တာဝန်ပေးဖို့ စီစဉ်ထားကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် အသင်းကို ရေရှည် ကိုင်တွယ်နိုင်မယ့် ထိပ်တန်းနည်းပြ တဦးကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စီစဉ်ထားပြီး ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုက သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် နည်းပြပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဒါပေမယ့် ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၃ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ပိုချက်တီနိုကို ခေါ်ယူဖို့ ဆွေးနွေးရာမှာ အခက်အခဲ တချို့ ရှိနေပြီး ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌ အယ်ခါလိုင်ဖီကသာ ပိုချက်တီနိုကို ထွက်ခွာခွင့် ပေးဖို့ သဘောမတူရင် ပိုချက်တီနိုဟာ အနည်းဆုံး ရာသီကုန် အထိ ပီအက်စ်ဂျီအသင်းမှာ ဆက်လက် ရှိနေပေးရမှာပါ။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုနဲ့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူအင်အား ဖြည့်တင်းမှု တာဝန်ခံ ဂျွန်မားသော့စ်ဟာ ယမန်နေ့မှာပဲ ဘာစီလိုနာအသင်းရဲ့ နည်းပြဟောင်း ဗယ်ဗာဒီကို ယာယီနည်းပြ အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး အကယ်၍ ပိုချက်တီနိုကို ရာသီကုန် အထိ စောင့်ဆိုင်းရမယ် ဆိုပါက ဗယ်ဗာဒီကို ယာယီနည်းပြ အဖြစ် ခန့်အပ် တာဝန်ပေးဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

Photo Credit: Standard

အသက် ၅၄နှစ် အရွယ် စပိန်လူမျိုး နည်းပြ ဗယ်ဗာဒီဟာ ဘာစီလိုနာအသင်း ကနေ ထွက်ခွာခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ထိပ်တန်းနည်းပြ တဦး ဖြစ်ပြီး ဘာစီလိုနာအသင်းကို ကိုင်တွယ်စဉ်က တိုက်စစ် အသားပေး ကစားဟန်ကို အဓိကထား သုံးစွဲခဲ့သလို ဆုဖလားတွေလည်း ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေက ဗယ်ဗာဒီ တယောက် ဘာစီလိုနာ အသင်းကို ကိုင်တွယ်ခဲ့စဉ်မှာ အသင်းရဲ့ ကြယ်ပွင့် ကစားသမား ဖြစ်သူ မက်ဆီကို အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်ကို သဘောကျနေကာ အသင်းရဲ့ ကြယ်ပွင့် ကစားသမား ဖြစ်သူ ရိုနယ်ဒိုကိုလည်း မက်ဆီနည်းတူ အကောင်းဆုံး ထိန်းကျောင်းနိုင်မယ်လို့ ယုံကြည်ချက် ရှိနေတာကြောင့် ပိုချက်တီနိုသာ ရောက်မလာရင် ဗယ်ဗာဒီကို မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် အဖြစ် မြင်တွေ့ရဖွယ် ရှိနေပါတယ်။