ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်သူ အင်တာမီလန် ဗဟိုခံစစ်မှူး ရှကရီညာကို ကြားဖြတ် ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းလာကြောင်း နာမည်ကြီး ပြင်သစ်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ L’equipe သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် ဆလိုဗက်ကီးယား လက်ရွေးစင် ဗဟိုခံစစ်မှူး ရှကရီညာက အင်တာမီလန်ရဲ့ မရှိမဖြစ် ဗဟိုခံစစ်မှူး ဖြစ်သလို လက်ရှိ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူတွေထဲက တဦးလည်း ဖြစ်ပြီး ရှကရီညာနဲ့ အင်တာမီလန်တို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ၅လကျော်သာ သက်တမ်း ကျန်ပါတော့တယ်။

Photo Credit: The Sun

အင်တာမီလန်က သူတို့အသင်းရဲ့ အဓိက နောက်ခံလူ ရှကရီညာကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုတွေ လုပ်ခဲ့ပေမယ့် ရှကရီညာကတော့ သူ့ကို ပြီးခဲ့တဲ့ နွေဈေးကွက်မှာထဲက ပီအက်စ်ဂျီထံ ရောင်းချဖို့ ကြိုးစားခဲ့တဲ့ အင်တာမီလန်နဲ့ စာချုပ်သစ် မချုပ်တော့ပဲ အသင်းသစ် တသင်းထံ ပြောင်းရွှေ့ဖို့သာ ဆုံးဖြတ်ထားပါတယ်။

လက်ရှိမှာတော့ ပီအက်စ်ဂျီက ရှကရီညာကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ တောက်လျှောက် ပြုလုပ်ထားပြီး ပီအက်စ်ဂျီက ရှကရီညာ အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း + အပိုဆုကြေး ယူရို ၅သန်းနဲ့ တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ထားသလို ရှကရီညာရဲ့ အေးဂျင့်နဲ့လည်း တွေ့ဆုံကာ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။

Photo Credit: The Sun

နာမည်ကြီး ပြင်သစ်သတင်းဌာန တခု ဖြစ်တဲ့ L’equipe သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက ရှကရီညာနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေပေမယ့် အခုချိန်အထိ သဘောတူညီမှု မရသေးပဲ မန်ချက်စတာ ယူနိုက်တက်ကတော့ ရှကရီညာကို ပီအက်စ်ဂျီထက် ပိုမို မြင့်မားတဲ့ လုပ်ခလစာ ၊ ပိုမို မြင့်မားတဲ့ ခံစားခွင့်တို့နဲ့ စတင် ကမ်းလှမ်းလာပြီး ရှကရီညာဘက်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံ စဉ်းစားနေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဗာရန်း ၊ မာတီနက်ဇ် ၊ လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားတို့လို ဗဟိုခံစစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က လာမယ့် နွေဈေးကွက်မှာ မက်ဂွိုင်းယားကို အသင်းပြောင်းခွင့် ပေးဖို့ စဉ်းစားထားတာကြောင့် မက်ဂွိုင်းယားရဲ့ နေရာကို ရှကရီညာနဲ့ အစားထိုးချင်နေတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က ရှကရီညာကို ယခု ဆောင်းဈေးကွက်မှာ ခေါ်ယူဖို့ထက် ပုဂ္ဂိုလ်ရေးအရ အကြို သဘောတူညီမှု ရယူကာ ရာသီကုန်မှပဲ အလွတ်နဲ့ ခေါ်ယူဖို့ စီစဉ်နေကြောင်း ယူနိုက်တက်နဲ့ နီးစပ်တဲ့ အေးဂျင့်တချို့က ပြောကြားထားပါတယ်။