ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြိုင်ဘက် ချယ်လ်ဆီးအသင်းနဲ့ စာချုပ်ကိစ္စ အဆင်မပြေဖြစ်နေတဲ့ ဂျာမဏီ လက်ရွေးစင် နောက်ခံလူ ရူဒီဂါကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်လာကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

အသက် ၂၈နှစ် အရွယ် ဂျာမဏီလက်ရွေးစင် ဗဟိုနောက်ခံလူ ရူဒီဂါဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၆လကျော်သာ ကျန်ရှိတော့သူ ဖြစ်ပြီး ယခုလအတွင်းမှာသာ စာချုပ်သစ် ချုပ်ဆိုခြင်း မရှိပါက လာမယ့် ဇန်နဝါရီလ ၁ရက်နေ့မှ စတင်ကာ အခြားအသင်းတွေနဲ့ စာချုပ် ချုပ်ဆိုဖို့ လွတ်လပ်စွာ ဆွေးနွေးခွင့်ရမယ့်သူလည်း ဖြစ်ပါတယ်။

Photo Credit: Metro

ရူဒီဂါဟာ ချယ်လ်ဆီးအသင်းထံ နည်းပြတူချယ်လ် ရောက်ရှိလာပြီးနောက် အသင်းရဲ့ အဓိက နောက်ခံလူ တဦး အဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပြီး လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူ ၁၀ဦး စာရင်းထဲလည်း ပါဝင်နေတာကြောင့် ချယ်လ်ဆီးအသင်းက သူ့ကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းချင်နေပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးအသင်းနဲ့ ရူဒီဂါတို့ရဲ့ ကြားမှာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် သဘောတူညီမှု ရဖို့ အလှမ်းဝေးနေဆဲ ဖြစ်ပြီး ရူဒီဂါက စာချုပ်သစ်မှာ တနှစ်လုပ်ခလစာ ယူရို ၁၅သန်း ဝန်းကျင် လိုချင်နေပေမယ့် ချယ်လ်ဆီးအသင်းက တနှစ်ကို လုပ်ခလစာ ယူရို ၉သန်း ဝန်းကျင်သာ ပေးချင်နေတာကြောင့် သဘောတူညီမှု ရဖို့ ခက်ခဲနေတာပါ။

Photo Credit: Metro

လက်ရှိမှာတော့ လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ဂျာမန် အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်တို့က ရူဒီဂါကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်ကလည်း ရူဒီဂါကို ကြားဖြတ် ခေါ်ယူနိုင်ဖို့ အံ့အားသင့်ဖွယ် လှုပ်ရှားလာကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက ဖော်ပြလာပါတယ်။

Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ နောက်ခံလူ တဦး ဖြစ်သူ ဘိုင်လီကို ရောင်းထုတ်ဖို့ စဉ်းစားထားသလို လင်ဒီလော့ဖ်ရဲ့ နှလုံးကျန်းမာရေး အခြေအနေကလည်း မသဲကွဲသေးတာကြောင့် ထိပ်တန်း ခံစစ်မှူး တဦး ဖြစ်သူ ရူဒီဂါကို ခေါ်ယူဖို့ ကြိုးစားလာတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ရန်းဂ်နစ်ကလည်း ရူဒီဂါကို သူတို့အသင်းထံ လာရောက် ကစားဖို့ စည်းရုံးနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။