MySport Myanmar

ဂျူဗင်တပ် ကွင်းလယ်ကြယ်ပွင့် ရာဘီယော့ကို အလွတ်နဲ့ ခေါ်ယူဖို့ ကြိုးစားနေတဲ့ မန်ယူ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ မခေါ်နိုင်ခဲ့တဲ့ ဂျူဗင်တပ် ကွင်းလယ်လူ ရာဘီယော့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်ပိုင်းမှာ ဘရူနို ဖာနန်ဒက် ၊ ကတ်စ်မဲရိုး ၊ အဲရစ်ဆင် ၊ ဗန်ဒီဘိခ် ၊ ဖရက်ဒ် ၊ တော်မီနေး ၊ ဆာဘစ်ဇာ (အငှား) စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် လာမယ့် နွေဈေးကွက် အတွင်းမှာ တော်မီနေး ၊ ဆာဘစ်ဇာနဲ့ ဗန်ဒီဘိခ်တို့က အသင်းကို စွန့်ခွာဖို့ ရာခိုင်နှုန်း များပြားနေပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက်ထဲမှာ ကွင်းလယ်လူ ၁ဦး (သို့) ၂ဦးကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ရာဘီယော့ဆီ ဆက်သွယ်မှုတွေ စတင် လုပ်ဆောင်နေပါတယ်။

နာမည်ကြီး ပြင်သစ် သတင်းထောက် ဖြစ်သူ တန်ဇိုလစ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ရာဘီယော့ရဲ့ အေးဂျင့်လည်းဖြစ် မိခင်လည်း ဖြစ်တဲ့ ဘရော့နီကာဆီ ဆက်သွယ်ကာ ရာဘီယော့ကို အလွတ်နဲ့ ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းနေပြီး ရာဘီယော့ကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Photo Credit: Sky Sports

နောက်ထပ် နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း မန်ချက်စတာ ယူနိုက်တက်ဟာ ရာဘီယော့ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း ထပ်ဆင့် အတည်ပြုပေးခဲ့ပြီး ရာယီယော့ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်း များနေကာ ဂျူဗင်တပ်ကလည်း ရာဘီယော့ကို စာချုပ်သစ် ကမ်းလှမ်းထားကြောင်း ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ တန်ဟက်ဂ်က ရာဘီယော့ရဲ့ အမာခံ ပရိသတ် တဦး ဖြစ်ပြီး တန်ဟက်ဂ်ဟာ ရာဘီယော့ကို ကတ်စ်မဲရိုးနဲ့ အဲရစ်ဆင်တို့ရဲ့ အစားထိုး ကွင်းလယ်လူ အဖြစ် ရှုမြင်နေကြောင်း ယူနိုက်တက်နဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောဆိုထားပါတယ်။

Exit mobile version