ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ အားနည်းနေတဲ့ ကွင်းလယ်ပိုင်းကို ဖာထေးဖို့ အတွက် ဝုဗ်အသင်းရဲ့ ကွင်းလယ်ဗိုလ်ချုပ် ရူဘင်နီဗက်ကို ယခု ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ ခေါ်ယူဖို့ ကြိုးစားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘရူနို ဖာနန်ဒက် ၊ ပေါလ် ပေါ့ဘာ ၊ တော်မီနေး ၊ ဖရက်ဒ် ၊ မာတစ် ၊ ဗန်ဒီဘိခ် စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် မာတစ်က အသက်အရွယ် ရလာသလို ပေါ့ဘာကလည်း အသင်းနဲ့ အနာဂတ် မရေရာတာကြောင့် ဗဟိုကွင်းလယ်လူ အဖြစ် ကစားနိုင်မယ့် အရည်အသွေးမြင့် ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ ရှာဖွေနေပါတယ်။
Photo Credit: Standard
လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လိုက်ပ်ဇက်အသင်းရဲ့ ကွင်းလယ်လူ ဟိုင်ဒရာ ၊ မာဆေးလ် ကွင်းလယ်လူ ကာမာရာနဲ့ ဝုဗ်ကွင်းလယ်လူ ရူဘင်နီဗက်တို့ကို ခေါ်ယူဖို့ စောင့်ကြည့်နေပေမယ့် ပရီးမီးယားလိဂ်မှာ အသားကျပြီးသား ရူဘင်နီဗက်ကသာ သူတို့ရဲ့ ထိပ်သီးပစ်မှတ် ဖြစ်ကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။
အသက် ၂၄နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ရူဘင်နီဗက်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တဦး ဖြစ်ပြီး အပြောင်းအရွှေ့ ရာသီတိုင်းမှာလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ ချိတ်ဆက်မှုကို ခံခဲ့ရပေမယ့် ဒီတကြိမ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းက ရူဘင်နီဗက်ကို ခေါ်ယူဖို့ အထိ စီစဉ်နေပါတယ်။
Photo Credit: Standard
နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရူဘင်နီဗက်ကို ခေါ်ယူဖို့ အမှန်တကယ် စိတ်ဝင်စားနေသလို သူ့ရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်မှုတွေပါ ပြုလုပ်ထားကာ ရူဘင်နီဗက်ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။
ဝုဗ်အသင်းကတော့ အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ ရူဘင်နီဗက် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း ဝန်းကျင် အလိုရှိနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းက နီဗက်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းကျော်သာ အသုံးပြုချင်နေကြောင်းလည်း နီဗက်ရဲ့ အေးဂျင့်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။