ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းဖြစ်တဲ့ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ တရုတ်စူပါလိဂ် အသင်းဖြစ်တဲ့ ရှန်ဟိုင်းရှင်ဟွာအသင်းကနေ ရာသီဝက်အငှားနဲ့ ခေါ်ယူထားတဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုကို အငှားစာချုပ်သက်တမ်း မပြည့်မီ အပြီးသတ်ခေါ်ယူနိုင်ဖို့အတွက် စတင် ကြိုးစားနေပြီ လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေအရ သိရှိရပါတယ်။ မန်ယူအသင်းဟာ အသင်းရဲ့ လူငယ်တိုက်စစ်မှူး ရက်ဖို့ဒ်ကို ကာလရှည် ဒဏ်ရာပြဿနာကြောင့် ဆုံးရှုံးခဲ့ရအပြီးမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အီဂါလိုကို ရာသီဝက်အငှားနဲ့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Football 365.com

အသက်၃၀အရွယ် ရှိနေပြီဖြစ်တဲ့ အီဂါလိုဟာ ငယ်စဉ်ကတည်းက မန်ယူအသင်းကို အားပေးခဲ့သူအဖြစ် ဝန်ခံထားသူဖြစ်ပြီး မန်ယူအသင်း အတွက် ကစားပေးရတဲ့ အချိန်တွေမှာ ရေကုန် ရေခမ်းကြိုးပမ်း ကစားပေးလေ့ရှိတာကြောင့် မန်ယူအသင်း ပရိသတ်တွေက အချိန်ခဏလေး အတွင်းမှာပဲ အီဂါလိုကို သဘောကျခဲ့ကြသလို မန်ယူအသင်းရဲ့ နည်းပြအဖွဲ့ဝင်တွေကလည်း အီဂါလိုရဲ့ ခြေစွမ်းတွေကို သဘောကျနေကြပါတယ်။ အီဂါလိုဟာ လက်ရှိ မန်ယူအသင်းမှာ စုစုပေါင်း ပြိုင်ပွဲစုံ ရှစ်ပွဲအထိ ကစားပေးခဲ့အပြီးမှာ လေးဂိုးသွင်းယူကာ တစ်ဂိုးဖန်တီးပေးထားခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်နေကာ မန်ယူအသင်း ဟာ သူ့ကို အပြီးသတ်ခေါ်ယူသင့်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက ထောက်ပြထားကြပါတယ်။

Photo Credit: Football 365.com

အီတလီ ဘောလုံးကျွမ်းကျင်သူဖြစ်တဲ့ ဖေဘီယို ရိုမာနိုကလည်း မန်ယူအသင်းအနေနဲ့ အီဂါလိုကို ခေါ်ယူဖို့ ကြိုးစားနေပြီဖြစ်ကြောင်း အတည်ပြု ပြောကြားထားခဲ့ပါတယ်။ ရိုမာနို ဟာ အပြောင်းအရွှေ့တွေနဲ့ ပတ်သတ်ပြီး တိကျမှန်ကန်မှုရှိတဲ့ ဘောလုံးကျွမ်းကျင်သူဖြစ်တယ် လို့ ဘောလုံးလောကမှာ သတင်းကြီးသူပါ။ မန်ယူအသင်းနဲ့ အီဂါလိုရဲ့ အပြောင်းအရွှေ့ သတင်းအတွက် ရိုမာနိုက ” အီဂါလိုက မန်ယူ အသင်းမှာ နေချင်နေသလို ၊ မန်ယူဘက်ကလဲ အီဂါလိုကို ခေါ်ယူဖို့ ကြိုးစားနေပါပြီ။ သူတို့က အခု ရှန်ဟိုင်းရှင်ဟွာနဲ့ ဆွေးနွေးနေပါတယ်။ လာမယ့်ရာသီမှာတော့ အီဂါလိုကို အပြီးသတ် ခေါ်နိုင်လိမ့်မယ်လို့ မန်ယူအသင်းက ယုံကြည် ထားပါတယ် ” လို့ ပြောကြားထားခဲ့ပါတယ်။ အီဂါလိုရဲ့ တန်ကြေးကတော့ ပေါင်၁၅သန်း ဝန်းကျင်ရှိပါတယ်။