ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဒေါ့မွန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် နောက်ခံလူ အာကန်ဂျီကို အလွတ်နဲ့ ခေါ်ဖို့ အတွက် တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ခဲ့ကြောင်း ဂျာမန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၆နှစ် အရွယ် ဆွစ်ဇာလန် လက်ရွေးစင် နောက်ခံလူ အာကန်ဂျီဟာ ဒေါ့မွန်ရဲ့ အဓိက နောက်ခံလူ တဦး အဖြစ် ခြေစွမ်းပြ ကစားနေသူ တဦး ဖြစ်ပြီး သူနဲ့ ဒေါ့မွန်တို့ ကြားမှာ ရှိနေတဲ့ စာချုပ်က ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ သက်တမ်း ကုန်ဆုံးတော့မှာလည်း ဖြစ်ပါတယ်။

Photo Credit: Express

ဒေါ့မွန်ဟာ သူတို့အသင်းရဲ့ အဓိက နောက်ခံလူ အာကန်ဂျီကို မဆုံးရှုံးရအောင် ယခုနှစ် ဘောလုံးရာသီ အတွင်းမှာ အာကန်ဂျီကို စာချုပ်သစ် ကမ်းလှမ်းမှုတွေ အဆက်မပြတ် ပြုလုပ်ခဲ့ပေမယ့် အာကန်ဂျီက စာချုပ်သစ်မှာ တနှစ် လုပ်ခလစာ ယူရို ၁၅သန်း အထိ လိုချင်နေတာကြောင့် နှစ်ဦးနှစ်ဖက် ကြားမှာ သဘောတူညီမှု မရပဲ စာချုပ်သစ် ဆွေးနွေးမှုတွေက ရပ်ဆိုင်းသွားခဲ့တာပါ။

လက်ရှိမှာတော့ ဒေါ့မွန်ဟာ အာကန်ဂျီကို စာချုပ်သစ် အတွက် ကမ်းလှမ်းမှုတွေ မလုပ်တော့သလို အာကန်ဂျီဘက်ကလည်း ဒေါ့မွန်ကနေ ထွက်ခွာကာ စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားပြီး ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က အာကန်ဂျီကို ခေါ်ဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေကြောင်း ဂျာမဏီ နာမည်ကြီး သတင်းထောက် Falkက ဆိုပါတယ်။

Photo Credit: Express

ဒေါ့မွန်နဲ့ ပတ်သတ်လာရင် ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် တခု ဖြစ်တဲ့ Bild သတင်းဌာနကလည်း မန်ချက်စတာ ယူနိုက်တက်ဟာ အာကန်ဂျီကို အလွတ်နဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း အတည်ပြုပေးခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ဟာ အာကန်ဂျီကို ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းထားကြောင်းပါ ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ မက်ဂွိုင်းယား ၊ ဗာရန်း ၊ လင်ဒီလော့ဖ် ၊ ဘိုင်လီ ၊ ဖီးလ်ဂျုံးစ် စတဲ့ ဗဟိုခံစစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဘိုင်လီနဲ့ ဖီးလ်ဂျုံးစ်တို့ကို ရောင်းထုတ်ဖို့ စီစဉ်နေတာကြောင့် အာကန်ဂျီကို ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။