ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်း ကတော့ သူတို့ အသင်းရဲ့ တိုက်စစ်ပိုင်း အားနည်းချက်ကို ဖြေရှင်းဖို့ အတွက် ပြီးခဲ့တဲ့ ဇွန်လအကုန်မှာ ပီအက်စ်ဂျီအသင်း ကနေ ထွက်ခွာခဲ့တဲ့ ဝါရင့် ဥရုဂွေး တိုက်စစ်မှူး ကာဗာနီနဲ့ ရီးရဲလ်မက်ဒရစ် အသင်းမှာ ရုန်းကန် နေရတဲ့ ဆားဘီးယား လူငယ် တိုက်စစ်မှူး ဂျိုဗစ်တို့ကို ခေါ်ယူဖို့ ချိတ်ဆက် နေကြောင်း သိရပါတယ်။ မန်ယူအသင်းဟာ လက်ရှိမှာ မာရှယ် ၊ ရက်ဖို့ဒ် ၊ ဂရင်းဝုဒ် ၊ အစ်ဟာလို စတဲ့ တိုက်စစ် ကစားသမား ၄ ဦးကို ပိုင်ဆိုင် ထားပေမယ့် ဂရင်းဝုဒ် ၊ ရက်ဖို့ဒ် ၊ မာရှယ် တို့ သုံးဦးဟာ အထောင်တိုက်စစ် နေရာမှာ ကစားရာမှာ အခက်အခဲတွေ ရှိနေသလို အစ်ဟာလို ဟာလည်း အသင်းရဲ့ တိုက်စစ်ကို ဦးဆောင် နိုင်စွမ်း မရှိတာကြောင့် တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူဖို့ လုပ်ဆောင် လာတာပါ။

Photo Credit: Euro Sport

နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ DiMarzio ရဲ့ အဆိုအရ မန်ယူအသင်းဟာ ကာဗာနီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ချိတ်ဆက် ထားသလို ဂျိုဗစ်ကိုလည်း တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း သိရှိ ရပါတယ်။ ဥရောပ အခြေစိုက် သတင်းဌာန အများစု ကတော့ မန်ယူအသင်းဟာ ကာဗာနီကို ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်နဲ့ ကမ်းလှမ်း ထားပြီး ဂျိုဗစ်ရဲ့ အေးဂျင့် ဖြစ်သူက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဂျိုဗစ်ကို တစ်ရာသီ အငှားနဲ့ ခေါ်ယူနိုင်ကြောင်း မန်ယူအသင်းထံ အကြောင်းကြား ခဲ့တာကြောင့် လက်ရှိမှာ ဂျိုဗစ်အတွက် ဆွေးနွေးမှုတွေကို မန်ယူအသင်းက ပြုလုပ်နေကြောင်း ဖော်ပြ ထားကြပါတယ်။ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေ ကလည်း အဆိုပါ သတင်းတွေ အပေါ် အတည်ပြု ပေးထားကြပြီး မန်ယူအသင်းဟာ တိုက်စစ်မှူး တစ်ဦးကို စျေးကွက် မပိတ်သိမ်းမီ မှာ ခေါ်ယူချင်နေကြောင်း ဆိုထားပါတယ်။

Photo Credit: Euro Sport

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဆားဘီးယား လူငယ် တိုက်စစ်မှူး ဂျိုဗစ်ဟာ ရီးရဲလ် မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းနဲ့ ဆက်ဆံရေး အဆင်မပြေသူ တစ်ဦး ဖြစ်ပြီး ခြေစွမ်းခြေစ ရှိသလို လူငယ်တစ်ဦး ဖြစ်တာကြောင့် မန်ယူအသင်းဟာ ဂျိုဗစ်ကို ခေါ်ယူခွင့် ရှိပါက တစ်ရာသီအငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူချင် နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြ ထားကြပါတယ်။ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဝါရင့် တိုက်စစ်မှူး ကာဗာနီ ကိုတော့ လက်ရှိမှာ အက်သလက်တီကို မက်ဒရစ် အသင်းနဲ့ မန်ယူအသင်း တို့က ခေါ်ယူဖို့ ကြိုးစား နေကြတာ ဖြစ်ပြီး ကစားသမားဟာ ကမ်းလှမ်းမှုပေါင်း များစွာ ရရှိထားပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲဆီ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန် နေတာကြောင့် မန်ယူအသင်းထံ ရောက်ရှိနိုင်ကြောင်း အီတလီ သတင်းဌာနတွေက ဆိုထားကြပါတယ်။