ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ယူအသင်းဟာ အသင်းရဲ့ ကစားသမားပိုင်းကို တိုးတက်အောင် လုပ်ဖို့အတ​ွက် လူအင်အား ဖြည့်တင်းမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့ပြီး လက်ရှိမှာလည်း အက်စ်တွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂရီးလစ် ကို ခေါ်ယူဖို့အတွက် အရှိန်အဟုန်မြှင့်ကာ ကြိုးပမ်းလာတယ်လို့ ခိုင်လုံတဲ့ သတင်းဌာနများရဲ့ အဆိုအရ သိရှိရပါတယ်။ ဂရီးလစ်ဟာ အက်စ်တွန်ဗီလာအသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်ပြီး လက်ရှိရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ပွဲကစားပေးထားချိန်မှာ ၇ဂိုး သွင်းယူပေးထားပြီး ၆ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်

Photo Credit: Metro.com

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ စပို့တင်းအသင်းရဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူပြီး ဖြစ်ပေမယ့် အသင်းကနေ ထွက်ခွာဖို့အတွက် ကြံရွယ်နေတဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာရဲ့ နေရာအတွက် ဂရီးလစ်ကို ခေါ်ယူဖို့ ကြံရွယ်နေတာလည်း ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ မန်ယူအသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင် ကစားခွင့်ရဖို့ နီးစပ်နေတဲ့ ဂရီးလစ်ကို အခြား အသင်းတွေ မျက်စိကျလာမှာကို စိုးရိမ်တာကြောင့် ယခုလအတွင်းမှာပဲ အက်စ်တွန်ဗီလာအသင်းနဲ့ တရားဝင်သဘောတူညီမှုရဖို့ ကြိုးပမ်းနေတယ်လို့ သိရှိရပါတယ်။

Photo Credit: Metro.com

အသက်၂၄နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဂရီးလစ် ဟာ ကွင်းလယ်တိုက်စစ်ည၊ ဘယ်တောင်ပံ စတဲ့ နေရာတွေမှာ ကစားနိုင်သူတစ်ဦးဖြစ်ပြီး မန်ယူအသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားဖို့ဟာ သူ့ရဲ့ အိမ်မက်ဖြစ်ကြောင်း ပြောဆိုထားတာကြောင့် မန်ယူအသင်းရဲ့ ကြိုးပမ်းမှုဟာ အရာရောက်ဖွယ်ရှိနေပါတယ်။ ဒါ့အပြင် ဗီလာအသင်းဘက်ကလဲ လာမယ့်ဘောလုံးရာသီမှာ တန်းဆင်းရသည်ဖြစ်စေ ၊ ပရီးမီးယားလိဂ်မှာ တင်ကျန်ခဲ့သည်ဖြစ်စေ ဂရီးလစ်ကို အသင်းပြောင်းခွင့်ပေးဖို့ စဉ်းစားနေတယ်လို့ နီးစပ်သူတေ​ွက ဖွင့်ဟထားတာကြောင့် မန်ယူနဲ့ ဗီလာအသင်းတို့ဟာ မကြာမီမှာပဲ အကြိုသဘောတူညီမှုကို ရရှိနိုင်ပါတယ်​။