ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြင်သစ် ကလပ် ရန်းနက်စ် အသင်းရဲ့ လူငယ် ကွင်းလယ် ကြယ်ပွင့် ကစားသမား ဖြစ်တဲ့ ကာမာဗင်ဂါကို ခေါ်ယူဖို့ အရှိန်မြှင့်ကာ ကြိုးစားလာကြောင်း နာမည်ကြီး စပိန် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၁၈နှစ် အရွယ်သာ ရှိသေးပေမယ့် ပြင်သစ် လက်ရွေးစင် အသင်းမှာ ပါဝင်ခွင့် ရတဲ့ အထိ ခြေစွမ်းပြ ထားနိုင်တဲ့ ကာမာဗင်ဂါဟာ အသက် ၁၆နှစ်အရွယ် ကတည်းက ပြင်သစ် လီဂူးပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ် ကွင်းလယ်လူ အဖြစ် သတ်မှတ် ခံခဲ့ရသူ ဖြစ်ပြီး လက်ရှိမှာလည်း ဥရောပရဲ့ အကောင်းဆုံး လူငယ် ကွင်းလယ် ကစားသမားစာရင်းမှာ ပါဝင်နေတဲ့သူပါ။

Photo Credit: AS English

လက်ရှိမှာ ကာမာဗင်ဂါကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်း ၊ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့က အပြိုင်အဆိုင် ကြိုးစားနေကြပြီး နာမည်ကြီး စပိန်သတင်းဌာန တစ်ခု ဖြစ်တဲ့ AS သတင်းဌာန ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကာမာဗင်ဂါကို ခေါ်ယူရာမှာ ပီအက်စ်ဂျီ အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ကို နောက်ကောက် ချနိုင်ဖို့ အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်အောင် ဆွေးနွေးမှုတွေ စတင် လုပ်ဆောင် နေကြောင်း အခိုင်အမာ ဖော်ပြ သွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ဖြစ်တဲ့ ပေါ့ဘာကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ ရောင်းချဖို့ ပြင်ဆင်နေတဲ့ အသင်းတစ်သင်း ဖြစ်ပြီး ပေါ့ဘာ ထွက်သွားပါက လစ်လပ်သွားမယ့် ကွင်းလယ် တစ်နေရာမှာ ကာမာဗင်ဂါကို အားဖြည့်ဖို့ စဉ်းစား နေတာလည်း ဖြစ်ပါတယ်။

Photo Credit: AS English

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ကာမာဗင်ဂါဟာ လက်ရှိ ဘောလုံးရာသီမှာ ရန်းနက်စ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၉ပွဲအထိ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၁ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ် ထားနိုင်သူပါ။ ယခင်က ကာမာဗင်ဂါကို ခေါ်ယူဖို့ အတွက် ရီးရဲလ်မက်ဒရစ် အသင်းက ရေပန်းစား နေပေမယ့် လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ ပေါ့ဘာကိုသာ ဂျူဗင်တပ်အသင်းနဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်တာကြောင့် ကာမာဗင်ဂါဟာ သူတို့အသင်းရဲ့ ဒုတိယ ဦးစားပေး ကစားသမား အဆင့်ကို ရောက်ရှိ သွားပါတယ်။ AS သတင်းဌာနကတော့ ကာမာဗင်ဂါဟာလည်း နေရာရဖို့ ခက်နိုင်တဲ့ ရီးရဲလ် မက်ဒရစ် အသင်းထက် မန်ချက်စတာ ယူနိုက်တက် အသင်းထံသာ ပြောင်းရွှေ့ဖွယ် ရှိကြောင်း သုံးသပ် ထားပါတယ်။