ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ကာလရှည် ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ပြန်လည် ရယူနိုင်မယ့် လမ်းကြောင်း တစ်ခုပေါ်မှာ ရှိနေတာကြောင့် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းကို လူအင်အား ဖြည့်တင်းမှုတွေ ဆက်တိုက် ပြုလုပ်ဖို့ စဉ်းစားထားပြီး သူတို့အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမားဟာ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ခံစစ် ကစားသမား ဖြစ်သူ အလာဘာပဲ ဖြစ်ပါတယ်။ အသက် ၂၈နှစ် အရွယ် ဩစတီးယား နောက်ခံလူ အလာဘာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူ တစ်ဦးဖြစ်ပြီး ယခု ဘောလုံးရာသီ အကုန်မှာ ဘိုင်ယန်မြူးနစ် အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့် ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

ဘိုင်ယန်မြူးနစ် အသင်းမှာ ငယ်စဉ်ကတည်းက ကစားလာခဲ့တဲ့ အလာဘာဟာ အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်နေပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်ရာမှာ တစ်ဖက်နဲ့ တစ်ဖက်ကြား အဆင်မပြေမှုတွေ ရှိနေသလို ဘိုင်ယန်မြူးနစ် အသင်းရဲ့ ဥက္ကဌဖြစ်သူ ရူမင်နစ်ဂီ က အလာဘာဟာ ငွေမက်တဲ့ ကစားသမား တစ်ဦးဖြစ်ကြောင်း ဝေဖန်မှုတွေပါ ပြုလုပ်ခဲ့တာကြောင့် အလာဘာရဲ့ ဘိုင်ယန်မြူးနစ် ကစားသမားဘဝဟာ ပြီးဆုံးဖို့ နီးကပ် သွားခဲ့တာပါ။ လက်ရှိမှာတော့ အလာဘာကို ခေါ်ယူဖို့ ဥရောပ ထိပ်တန်း အသင်းကြီးတွေက စိတ်ဝင်စား နေကြပေမယ့် ကိုဗစ်ကာလ အတွင်းမှာ ဖြစ်တာကြောင့် သူ့ရဲ့ မြင့်မားလှတဲ့ လုပ်ခလစာနဲ့ များပြားတဲ့ အေးဂျင့်ခတွေကို ပေးချေနိုင်တဲ့ အသင်းကြီးတွေဟာ များများစားစား မရှိလှပါဘူး။

Photo Credit: Mirror

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အလာဘာရဲ့ အေးဂျင့်ဖြစ်သူ ဇဟာဗီထံကို ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး အလာဘာဟာ သူတို့အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှု ရှိ ၊ မရှိကို မေးမြန်းထားသလို အလာဘာအတွက် အကောင်းဆုံး ကမ်းလှမ်းမှု တစ်ခုကိုလည်း ပြုလုပ်ထားကြောင်း သိရပါတယ်။ ဂျာမန် အခြေစိုက် သတင်းဌာနတွေကလည်း အဆိုပါ သတင်းအပေါ် အတည်ပြု ပေးထားပြီး လက်ရှိအချိန်အထိ အလာဘာ ရရှိထားတဲ့ ကမ်းလှမ်းမှုတွေထဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကမ်းလှမ်းမှုဟာ အကောင်းဆုံး ဖြစ်နေကြောင်း ဖော်ပြ ထားကြပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ နီးစပ်သူတွေ ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ နောက်ခံလူ တစ်ဦးကို ခေါ်ယူဖို့ ရည်မှန်း ထားတာကြောင့် အလာဘာသာ သူတို့အသင်းထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိပါက ဘိုင်ယန်မြူးနစ် အသင်းကနေ ဇန်နဝါရီလ အတွင်းမှာပဲ ခေါ်ယူဖို့ ကြိုးစားသွားဖွယ် ရှိကြောင်း ဖွင့်ဟ ပြောကြား ထားကြပါတယ်။