ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ အသင်းနဲ့အတူ ပွဲစဉ်တိုင်းနီးပါး ပါဝင်ကစားနေရပြီး အသင်းရဲ့ အဓိက ကစားသမားအဖြစ်နဲ့ပါ သတ်မှတ်ခံထားရတဲ့ တောင်ပံတိုက်စစ်ကစားသမား ကင်စလေကိုးမန်းကို မန်ချက်စတာယူနိုက်တက်အသင်းကနေ ပစ်မှတ်ထားလို့နေပေမယ့်လည်း ဒီကစားသမားကိုတော့ အသင်းကနေ လုံးဝရောင်းချသွားမှာ မဟုတ်ဘူးလို့ ဘိုင်ယန်ဥက္ကဌဖြစ်သူ ရူမင်နီဂစ်က တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Cannon

အသက်(၂၄)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တောင်ပံကစားသမားကိုးမန်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ဒဏ်ရာပြသာနာတွေကြောင့် အသင်းမှာ ပွဲထွက်ကစားခွင့်တွေ နည်းပါးခဲ့ရပေမယ့်လည်း ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ သူရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ ဘိုင်ယန်တို့ ဗိုလ်စွဲခဲ့ရသလို ဒီရာသီမှာလည်း ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ(၁၅)ပွဲအထိကို ပါဝင်ကစားပေးထားခဲ့ကာ သွင်းဂိုး(၅)ဂိုးနဲ့ ဂိုးဖန်တီးမှု (၈)ကြိမ်အထိပါ ရယူပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

ဒီလိုစွမ်းဆောင်ရည်ကောင်းတွေ ပြသလို့နေတဲ့ ကင်စလေကိုးမန်းကို ယူနိုက်တက်အသင်းဘက်ကနေ မျက်စိကျလျက်ရှိနေပြီး အသင်းရဲ့တောင်ပံတိုက်စစ်ပိုင်းမှာ အားကောင်းလာဖို့အတွက် ကိုးမန်းကို အသင်းဆီ ခေါ်ဆောင်ချင်နေတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့အတွက် အဓိကထားပြီိး ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေနိုင်ခဲ့တာကြောင့် အူစမန်ဒမ်ဘီလီကိုပါ ပြောင်းလဲပစ်မှတ်ထားခဲ့သေးရာ ထပ်မံမအောင်မြင်ခဲ့ပြန်တဲ့အတွက် လူငယ်တောင်ပံကစားသမားလေးတွေဖြစ်တဲ့ ပယ်လစ်ထရီနဲ့ အာမတ်ထရာအိုရေးတို့ကိုသာ ခေါ်ယူခဲ့ရပါတယ်။ ဒါပေမယ့် ပယ်လစ်ထရီက လူငယ်အသင်းမှာသာ ကစားနေရတာဖြစ်သလို ထရာအိုရေးကလည်း လာမယ့်ဇန်နဝါရီမှသာ အသင်းဆီကို ရောက်ရှိမှာဖြစ်ပြီး သူလည်း လူငယ်အသင်းမှာပဲ ကစားရဖွယ် ရှိနေတာကြောင့် စီနီယာအသင်းမှာ တစ်ခါတည်း အသုံးပြုလို့ရနိုင်မယ့် ကိုးမန်းကို ပစ်မှတ်ထားလာခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်ဥက္ကဌ ရူမင်နစ်ဂီက သူတို့ရဲ့ကြယ်ပွင့်ကစားသမားကို အသင်းကနေ ရောင်းချသွားမှာမဟုတ်ပဲ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ သတိပေးတုံ့ပြန်ပြောဆိုလိုက်ပါတယ််။ ကိုးမန်းဟာ ဘိုင်ယန်နဲ့ ၂၀၂၃ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိလို့နေသေးပြီး ကစားသမားကိုယ်တိုင်ကလည်း ဘိုင်ယန်မှာပဲ ပျော်ရွှင်လျက်ရှိနေပါတယ်။