MySport Myanmar

လာမယ့်နွေမှာ အေဂျက်စ်နဲ့ လမ်းခွဲနိုင်တယ်လို့ မန်ယူ ပစ်မှတ် တင်ဘာ ဖွင့်ဟ

ဒီနှစ်ဘောလုံးရာသီရဲ့ နွေဈေးကွက်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့သူ နယ်သာလန် နောက်ခံကစားသမား ယူလီယန်တင်ဘာဟာ လာမယ့်နွေမှာတော့ သူ့အနေနဲ့ အေဂျက်စ်အသင်းကနေ ထွက်ခွာသွားနိုင်ဖွယ်ရှိကြောင်း အရိပ်အမြွက် ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Sun

အေဂျက်စ်ကနေ မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ နည်းပြ အဲရစ်တန်ဟက်ဂ်က အသင်းဟောင်းက ကစားသမားတွေဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ် အန်တိုနီတို့ကို ယူနိုက်တက်ဆီ ခေါ်ဆောင်ခဲ့ပြီး ဒီကစားသမားတွေ မရောက်လာခင်ကတည်းက တင်ဘာကို စတင် ကြိုးပမ်းခဲ့ပါတယ်။ တင်ဘာဟာလည်း တန်ဟက်ဂ်နဲ့ ပူးပေါင်းဖို့ နီးစပ်ခဲ့ပေမယ့် နောက်ဆုံးမှာ အပြောင်းအရွှေ့က မဖြစ်ပေါ်လာခဲ့တဲ့အပြင် ကစားသမားကိုယ်တိုင်ကပါ အေဂျက်စ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ ဒါကြောင့် တန်ဟက်ဂ်က တင်ဘာအစား မာတီနက်ဇ်ကို ယူနိုက်တက်ဆီ အရ ခေါ်ယူခဲ့ရတာလည်း ဖြစ်ပါတယ်။

Photo Credit : The Sun

အေဂျက်စ်အသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားခဲ့တဲ့ တင်ဘာက “ဒီနွေရာသီမှာ ကျွန်တော်ရဲ့ ရွေးချယ်ခွင့်တွေကို ကြည့်ပြီး ဆုံးဖြတ်ချက်ချသွားမှာပါ။ ကျွန်တော် အေဂျက်စ်မှာ အဆင်ပြေနေတယ်လို့ ခံစားမိတယ်။ အဲ့ဒါက အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ နွေရာသီတုန်းက ကျွန်တော့်ကို စိတ်ဝင်စားမှုတွေ ရှိခဲ့ပေမယ့်လည်း ကျွန်တော်ကတော့ အေဂျက်စ်မှာ ဆက်နေဖို့ ရွေးချယ်ခဲ့ပါတယ်” လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Scouted Football

အခုလို အသင်းမပြောင်းခဲ့နဲ့ ပတ်သတ်ပြီး အဲ့ဒီအချိန်က နယ်သာလန်နည်းပြ ဖြစ်နေခဲ့တဲ့ ဗန်ဟားလ်နဲ့ ဆက်စပ်နေတယ်လို့ ပြောဆိုမှုတွေအပေါ် တင်ဘာက ငြင်းဆန်ခဲ့ပါတယ်။ “သတင်းမီဒီယာမှာ ရေးထားတဲ့အရာ တော်တော်များများက မှားပါတယ်။ လူးဝစ်ဗန်ဟားလ်က မန်ယူနိုက်တက်အသင်းဆီ မသွားဖို့ ကျွန်တော် ပြောခဲ့တယ်ဆိုပြီး လူတွေ ပြောပြောနေတဲ့ ကိစ္စတွေပေါ့။ ဒါတွေက မှားပါတယ်။ သူ တကယ်ပြောခဲ့တာက အဲ့ဒီမှာဆိုရင် ကျွန်တော် ကစားခွင့် နည်းလိမ့်မယ်လို့ ပြောခဲ့တာပါ” လို့ ရှင်းပြသွားခဲ့ပါတယ်။ လက်ရှိမှာ တန်ဟက်ဂ်က သူရဲ့ အသင်းဟောင်းက ကစားသမားတွေအနက် နောက်ခံလူ တင်ဘာအပြင် ကွင်းလယ်နဲ့ တိုက်စစ်ကစားသမား မိုဟာမက်ကူဒက်စ်ကိုလည်း ယူနိုက်တက်အသင်းအတွက် ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။

Exit mobile version