ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ပစ်မှတ်ထားလို့နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဆယ်ကျော်သက်ကြယ်ပွင့်လေး ဂျာမယ်မြူရှလာဟာ အသင်းနဲ့ စာချုပ်သက်တမ်းက သိပ်မကျန်ရှိတော့ပေမယ့်လည်း နောက်ပိုင်းပေါ်ထွက်လာခဲ့တဲ့ သတင်းတွေအရ ဘိုင်ယန်ဘက်ကနေ ဒီကစားသမားလေးကို အသင်းမှာ နှစ်ရှည်ကြာမြင့်စွာ ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ကို အသေအချာ ကြိုးပမ်းနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၁၇)နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်ကွင်းလယ်တိုက်စစ်ကစားသမားလေး မြူရှလာဟာ ချယ်လ်ဆီးအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အသက်(၁၆)နှစ်ခန့်မှာပဲ ချယ်လ်ဆီးကနေ ထွက်ခွာကာ ဘိုင်ယန်ကို ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ၂၀၂ဝခုနှစ်မှာပဲ မြူရှလာဟာ သူရဲ့ဘိုင်ယန်မြူးနစ် စီနီယာကစားသမားဘဝကို စတင်နိုင်ခဲ့ပြီး ဒီနှစ်ဘောလုံးရာသီအတွင်းမှာပဲ ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံ (၂၁)ပွဲအထိကို ပါဝင်ကစားခဲ့သလို သွင်းဂိုး(၃)ဂိုး ရယူထားနိုင်ခဲ့ပါတယ်။

Photo Credit : DW

မြူရှလာဟာ လာမယ့်၂၀၂၂ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ်ကိစ္စကလည်း အဆင်မပြေနိုင်သေးတဲ့အတွက် ဒီအခြေအနေကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေကနေ စောင့်ကြည့်လျက်ရှိနေပြီး လီဗာပူးလ်နဲ့ မန်ချက်စတာအသင်း(၂)သင်းလုံးက ဒီကစားသမားလေးကို ပစ်မှတ်ထားလာခဲ့ကာ လာမယ့်နွေစျေးကွက်အတွင်းမှာပဲ အပြိုင်ကမ်းလှမ်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်း ထွက်ပေါ်နေတဲ့ သတင်းတွေအရ မြူရှလာဟာ ဘိုင်ယန်မှာ ပျော်ရွှင်လျက်ရှိနေပြီး အသင်းနဲ့ပဲ နှစ်ရှည်ပူးပေါင်းသွားဖို့ ဆန္ဒရှိနေတဲ့အတွက် အသင်းဘက်ကနေ ကမ်းလှမ်းလာမယ့် စာချုပ်သစ်တစ်ရပ်ကို လက်ခံသွားဖို့ ရှိနေတာကြောင့် သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေအနေနဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ကို လက်လျှော့ရဖွယ် ရှိနေပါတယ်။ မြူရှလာဟာ အင်္ဂလန်နိုင်ငံသားတစ်ယောက်ဖြစ်သလို အခုလည်း အင်္ဂလန်ယူ-၂၁အသင်းအတွက် ပါဝင်ကစားနေသူဖြစ်ပေမယ့်လည်း သူ့ကို ဂျာမနီနိုင်ငံ စတုဂတ်မြို့မှာ မွေးဖွားခဲ့သူဖြစ်သလို အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ကိုလည်း ပါဝင်ထားရခြင်း မရှိသေးတဲ့အတွက် ဂျာမနီလက်ရွေးစင်အသင်းမှာ ရွေးချယ်နိုင်ဖို့ အခွင့်အရေး ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားက အသက်အရွှယ် ငယ်ရွှယ်နေသေးတာကြောင့် အသင်းမှာ နေရာပေးဖို့က ခက်ခဲသေးတဲ့အတွက် တစ်ရာသီအငှားစာချုပ်လောက်နဲ့သာ အငှားချဖွယ် ရှိနေပါတယ်။