ဝါရင့်ဥရုဂွေးနောက်ခံကစားသမားကြီးဖြစ်တဲ့ ဒီယေဂိုဂိုဒင်ဟာ အသက်လက်တီကိုမက်ဒရစ်အသင်းမှာ နှစ်ပေါင်းများစွာ ပါဝင်ကစားခဲ့ပြီး အသင်းရဲ့အမာခံ နောက်ခံလူတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့သလို အသင်းနဲ့အတူ အောင်မြင်မှုတွေကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုဒင်ဟာ ၂၀၁၉ခုနှစ်မှာတော့ အသက်လက်တီကိုကနေ အင်တာမီလန်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ကာ စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဂိုဒင်က သူ့ကို နေရာသိပ်မပေးတဲ့ အင်တာကနေ ပြန်လည်စွန့်ခွာဖို့အတွက် ပြင်ဆင်လျက်ရှိနေတယ်လို့ သတင်းထွက်ပေါ်လို့ ရှိနေပါတယ်။

Photo Credit : Sempreinter

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ အသက်(၃၄)နှစ်ပြည့်ထားတဲ့ အတွေ့အကြုံရင့် ဗဟိုနောက်ခံကစားသမားကြီး ဂိုဒင်ဟာ (၉)နှစ်တာ ကျင်လည်ခဲ့တဲ့ အသက်လက်တီကိုအသင်းနဲ့ လမ်းခွဲတော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီးကတည်းက သူ့ကို အသင်းပေါင်းများစွာကနေ အပြိုင်အဆိုင် ပစ်မှတ်ထားလာခဲ့ကြပါတယ်။ ဒီအသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်က ထိပ်ဆုံးနေရာကနေ ပါဝင်ခဲ့သလို ယူနိုက်တက် ဂိုဒင်ကို လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကတည်းက စတင်စိတ်ဝင်စားခဲ့တာဖြစ်ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ အင်တာကိုပဲ ရွေးချယ်ခဲ့ပါတယ်။

Photo Credit : Transfermarket

ဒါ့အပြင် ယူနိုက်တက်အသင်းရဲ့နည်းပြဟောင်းဖြစ်တဲ့ ဟိုဆေးမော်ရင်ဟိုကလည်း ၂၀၁၈ခုနှစ်တုန်းက ဂိုဒင်ကို အသက်လက်တီကိုအသင်းကနေ ခေါ်ယူသွားဖို့ ကြိုးစားခဲ့ဖူးတာကြောင့် အခု စပါးအသင်းနည်းပြဖြစ်နေချိန်မှာ နောက်ထပ်ကမ်းလှမ်းမှုတွေ ပြုလုပ်လာနိုင်ပါတယ်။ မော်ရင်ဟိုဟာ လာမယ့်ရာသီမှာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ များစွာလုပ်ဆောင်ဖွယ်ရှိနေသလို အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် နောက်ခံလူဗာတွန်ဂန်ကိုလည်း စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းဖွယ်လည်း ရှိနေပါတယ်။ ယူနိုက်တက်အသင်းကတော့ လာမယ့်ရာသီမှာ အသင်းကနေ အငှားချထားတဲ့ နောက်ခံလူတွေဖြစ်တဲ့ စမောလင်း ရိုဟိုတို့အပြင် ဖီးလ်ဂျံုး ဖိုဆူမန်ဆာတို့ကို အသင်းကနေ ရောင်းချဖွယ်ရှိနေတာမို့ ခံစစ်ပိုင်းမှာ အတွေ့အကြံုအရမ်းရှိထားတဲ့ ဂိုဒင်လို ကစားသမားမျိုးကို အလိုရှိနေတာဖြစ်ပါတယ်။ ဂိုဒင်ဟာ အင်တာအသင်းနဲ့တော့ လာမယ့်၂၀၂၂ခုနှစ်မှ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။