ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ရရှိလို့နေတဲ့ ဘာစီလိုနာ တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီက ကလပ်အသင်းတွေ စိတ်ဝင်စားမှုကို ပိုင်ဆိုင်နေပေမယ့်လည်း အသင်းပြောင်းရွှေ့ဖို့ထက် ဘာစီလိုနာအသင်းမှာပဲ ဆက်လက်ကစားချင်နေတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ကြောင်း စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၃)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီဟာ ဒေါ့မွန်ကနေ ဘာစီလိုနာအသင်းကို စတင်ပြောင်းရွှေ့လာပြီးနောက်ပိုင်း ခြေစွမ်းပြဖို့ ရုန်းကန်နေရကာ ဒဏ်ရာပြသာနာတွေနဲ့ပဲ အလူးအလဲ ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဒမ်ဘီလီဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၃၆)ပွဲ ပါဝင်ကစားခဲ့ပြီးနောက် သွင်းဂိုး(၁၀)ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုလည်း (၄)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်မှုတွေ ပြသနေနိုင်တဲ့ ဒမ်ဘီလီကို ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ကနေ စိတ်ဝင်စားလာခဲ့ကြပြီး လာမယ့်နွေစျေးကွက်မှာ အရခေါ်ယူဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : Foot Mercato

၂၀၁ရခုနှစ်ကတည်းက ဘာစီလိုနာအသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ဒမ်ဘီလီဟာ လက်ရှိမှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ၂၀၂၂ခုနှစ်အထိ ကျန်ရှိတော့တာဖြစ်တာကြောင့် အသင်းဘက်ကနေ စာချုပ်သစ်ချုပ်ဆိုမှု အလျင်အမြန် လုပ်ဆောင်ရမှာဖြစ်ပြီး တကယ်လို့ သက်တမ်းတိုးမှုကို အသင်းဘက်ကနေ လုပ်ဆောင်လာခြင်းမရှိရင် ဒါမှမဟုတ် ကစားသမားဘက်ကနေသာ သက်တမ်းတိုးမှုကို ငြင်းဆန်ခဲ့မယ်ဆိုရင် ဒမ်ဘီလီကို ဒီနွေစျေးကွက်မှာပဲ အမြန်ရောင်းချရတော့မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးရှိနေတဲ့ ဒမ်ဘီလီကို ယခင်ကတည်းက စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေဖြစ်တဲ့ ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ကနေ အပြိုင်စိတ်ဝင်စားလာခဲ့တာဖြစ်ပေမယ့်လည်း ဒမ်ဘီလီကတော့ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်သွားချင်နေပြီး ဘာစီလိုနာကစားသမားတစ်ယောက်အဖြစ်နဲ့သာ ဆက်လက်ရှိနေချင်တယ်လို့ စပိန်သတင်းစာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းကလည်း အသင်းမှာ ပြန်လည်ခြေစွမ်းပြလို့နေတဲ့ ဒမ်ဘီလီကို အသင်းကနေ ရောင်းထုတ်ဖို့ထက် အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားဖွယ်သာ ရှိနေပါတယ်။