ကူးစက်မြန် အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ဂယက်က ဘောလုံးနယ်ပယ်ကိုပါ ရိုက်ခတ်လာပြီး ဘောလုံးပွဲတွေကို ရပ်နားခဲ့ရကာ အသင်းလိုက်လေ့ကျင့်ခန်းဆင်းမှုတွေလည်း မလုပ်ဆောင်နိုင်တော့ပဲ ဘောလုံးသမားတွေမှာလည်း သူတို့ရဲ့နေအိမ်တွေမှာသာ တစ်ကိုယ်တော် လေ့ကျင့်ခန်းတွေကိုသာ လုပ်ဆောင်နေရပါတယ်။ အခု မေလလောက်မှာသာ ဘောလုံးအသင်းတွေက အရင်လို လေ့ကျင့်ခန်းအစီအစဉ်တွေကို ပြန်လည်စတင်နိုင်လာခဲ့တာဖြစ်ပြီး အခုလည်း မန်ချက်စတာယူနိုက်တက်အသင်းဟာဆိုရင် သူတို့ရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို စတင်နိုင်ပြီလို့ သိရပါတယ်။

Photo Credit : The Sun

ကိုရိုနာဗိုင်းရပ်စ် ပြသာနာတွေကြောင့် (၂)လနီးပါးလောက် လေ့ကျင့်ခန်းအစီအစဉ်တွေကိုပါ ရပ်နားထားခဲ့ရတဲ့ ယူနိုက်တက်အသင်းဟာ မနေ့ကပဲ သူတို့ရဲ့ လေ့ကျင့်ရေးကွင်း ကာရင်တန်ကွင်းအတွင်းမှာ ကစားသမားအစုံအလင်နဲ့ အသင်းလိုက်လေ့ကျင့်ခန်း အစီအစဉ်တွေကို ပြန်လည်စတင်နိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းသား အယောက်(၂၀)လောက်က လေ့ကျင့်ခန်းအစီအစဉ်တွေကို ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်နေကြပြီး ကစားသမားတွေကို အုပ်စုလေးတွေခွဲကာ လေ့ကျင့်စေခဲ့ပါတယ်။ လေ့ကျင့်ခန်းအစီအစဉ်ထဲမှာတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တဲ့ ပေါလ်ပေါ့ဘာလည်း ပါဝင်လာခဲ့ပါတယ်။

Photo Credit : The Sun

ကာရင်တန်လေ့ကျင့်ရေးကွင်းထဲကို မနက်ခင်းအစောဆုံးအချိန်မှာ ရောက်လာတာကတော့ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားဖြစ်ပြီး ဖရက်ဒ် တွမ်မီနေး မာတစ်တို့နဲ့အတူ မနက်ခင်းပိုင်း လေ့ကျင့်ရေးတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါ့အပြင် အသင်းရဲ့ လူငယ်ကစားသမားလေးတွေဖြစ်တဲ့ ဂရင်းဝုဒ် အိန်ဂျယ်ဂိုးမက်စ် တာဟစ်ချောင်တို့လည်း သူတို့အုပ်စုနဲ့ လေ့ကျင့်ခန်းဆင်းခဲ့ကြပြီး ပေါ့ဘာ ဖာနန်ဒက်စ် အီဂါလို ဂိုးသမား ရိုမဲလ်ရိုးတို့မှာလည်း ကာရင်တန်ကို နေ့ခင်းပိုင်းမှာ ရောက်လာကြပြီး သူတို့ကို သတ်မှတ်ပေးထားတဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို ဆောင်ရွှက်သွားခဲ့ကြပါတယ်။ ကာရင်တန်ကို (၂)လအကြာမှ ပြန်လည်ရောက်လာခဲ့တဲ့ ဂိုးသမားဒေးဗစ်ဒီဂီယာကတော့ ယခင်ကထက်ကို မုတ်ဆိတ်မွှေးတွေ ပိုရှည်လို့နေပြီး အသင်းသားတွေနဲ့ ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်ခန်းဆင်းသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းသားတွေ နည်းပြအဖွဲ့ဝင်တွေနဲ့ အသင်းရဲ့ဝန်ထမ်းတွေကြားမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ယောက်မှနေမရှိတာကြောင့် စိတ်အေးလက်အေးနဲ့ကို အခုလို လေ့ကျင့်ခန်းတွေ ပြန်လည်လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။