သိပ်မကြာသေးခင်ကပဲ မန်ချက်တာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးက အသင်းမှာ ဆန်ချိုထက် ဟယ်ရီကိန်းလို ကစားသမားမျိုးကိုပဲ လိုအပ်နေတာလို့ အကြံပြုပြောဆိုခဲ့သလို အခုလည်း နောက်ထပ်ယူနိုက်တက်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အိုဝင်ဟားဂရေစ့်က ယူနိုက်တက်အသင်းနဲ့ ဆန်ချိုကို ခေါ်ယူပြီးသွားရင် အသင်းရဲ့အထောင်တိုက်စစ်နေရာ မာရီယိုမန်ဇူကစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူအားဖြည့်သင့်တယ်လို့ ထပ်မံအကြံပြုလာခဲ့ပြန်ပါတယ်။

Photo Credit : Goal

အသက်(၃၄)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဝါရင့်ခရိုအေးရှားတိုက်စစ်မှူးကြီး မန်ဇူကစ်ဟာ ယခင်ကတည်းက ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ပေါ်ထွက်ခဲ့သူဖြစ်ပြီး ကာတာကလပ်ကို မပြောင်းရွှေ့ခင် ယူနိုက်တက်ကို ရောက်ရှိလာဖို့ နီးစပ်ခဲ့သူဖြစ်ပါတယ်။ အခုလက်ရှိမှာ မန်ဇူကစ်ဟာ အယ်ဒူဟေးအသင်းနဲ့ စာချုပ်ဖျက်သိမ်းထားခဲ့တာကြောင့် အသင်းလက်မဲ့ဖြစ်လို့နေပြီး သူ့လို အတွေ့အကြုံရှိ တိုက်စစ်ကစားသမားမျိုးကို ယူနိုက်တက်အသင်းဘက်ကနေ ကာလတိုစာချုပ်မျိုးနဲ့ ခေါ်ယူအားဖြည့်ထားသင့်တယ်လို့ ကွင်းလယ်ကစားသမားဟောင်း ဟားဂရေစ့်က တိုက်တွန်းလာခဲ့ပါတယ်။

Photo Credit : ManUtdTimes

ဟားဂရေစ့်က “ပုံစံမတူကွဲပြားတဲ့ တိုက်စစ်ကစားသမားကြီး မာရီယိုမန်ဇူကစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရနေတာပဲလေ။ ခံစစ်ပိုင်းအရကြည့်မယ်ဆိုရင် ယူနိုက်တက်က ပရီးမီးယားလိဂ်မှာ ခံစစ်အားကောင်းလှတဲ့ အသင်းတွေထဲမှာ ပါဝင်နေတယ်ဆိုပေမယ့် တိုက်စစ်ပိုင်းမှာကျတော့ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့နောက်ကို ရောက်ရှိနေရတယ်။ ဒါကြောင့်မို့ တစ်ရာသီမှာ ဂိုး(၂၀)လောက် သွင်းယူနိုင်မယ့် တိုက်စစ်မှူးကြီးကို ခေါ်ယူသင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်အမြင်ဆိုရင်တော့ ဆန်ချိုကို အရင်ဆုံး ခေါ်ယူမယ် ပြီးတာနဲ့ မန်ဇူကစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားမယ်” လို့ BT Sports ရုပ်သံကနေ ပြောဆိုသွားခဲ့ပါတယ်။ လတ်တလောမှာတော့ ယူနိုက်တက်အသင်းက ဒေါ့မွန်အသင်းရဲ့ကြယ်ပွင့်ကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အင်တိုက်အားတိုက်ကြိုးပမ်းနေတာဖြစ်ပေမယ့် ဒေါ့မွန်ဘက်ကနေ သူတို့ကစားသမားကို သူတို့သတ်မှတ်ထားတဲ့ စျေးအတိုင်းရမှသာ ရောင်းချသွားမယ်လို့ တုန့်ပြန်ထားခဲ့တာဖြစ်လို့ အပြောင်းအရွှေ့အထမြောက်နိုင်ဖို့က ခက်ခဲနေရပြီး ကစားသမားကိုယ်တိုင်ကတော့ ယူနိုက်တက်မှာ လာရောက်ကစားဖို့ ဆန္ဒရှိလို့နေပါတယ်။ လက်ရှိမှာ ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲကိုလည်း ဆင်နွဲလို့နေပြီး လာမယ့်တနင်းလာမှာတော့ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲကို ဆင်နွဲရတော့မှာဖြစ်ပါတယ်။