MySport Myanmar

ယူနိုက်တက် ပစ်မှတ် ဒီဂျောင်က ယူရို(၁၁၂)သန်းအထိ တန်ကြေးရှိတယ်လို့ ဗန်ဟားသုံးသပ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နွေရာသီ အဓိကပစ်မှတ်ဖြစ်သူ နယ်သာလန် ကွင်းလယ်လူ ဖရန့်ကီဒီဂျောင်ဟာ တန်ကြေး ယူရို(၁၁၂)သန်းလောက်အထိရှိတဲ့ ကစားသမားတစ်ယောက် ဖြစ်တယ်လို့ ယူနိုက်တက်ရဲ့ နည်းပြဟောင်း လက်ရှိ နယ်သာလန်လက်ရွေးစင်နည်းပြ လူးဝစ်ဗန်ဟားက မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ယူနိုက်တက်အသင်းဟာ အေဂျက်စ်နည်းပြဟောင်း အဲရစ်တန်ဟက်ဂ်ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီးကတည်းက တန်ဟက်ဂ် ခေါ်ယူသွားချင်နေတဲ့ ကစားသမားတွေထဲက ထိပ်ဆုံးနေရာမှာ အပါအဝင်ဖြစ်တဲ့ ဒီဂျောင်ကို ခေါ်ယူပေးသွားချင်နေတာ ဖြစ်ပါတယ်။ စပိန်နာမည်ကြီး သတင်းစာ Marca ရဲ့ ဒီရက်ပိုင်း ဖော်ပြချက်တွေအရ ယူနိုက်တက်အသင်းဟာ ဒီဂျောင်ကို ခေါ်ယူသွားဖို့အတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း(၆၀)+အပိုဆုကြေး ယူရိုသန်း(၂၀) စုစုပေါင်း ယူရိုသန်း(၈၀)နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ ဖော်ပြထားပေမယ့် နယ်သာလန်နည်းပြကြီး ဗန်ဟားကတော့ သူတို့ရဲ့ ကွင်းလယ်လူ ဒီဂျောင်ဟာ ယူရိုသန်း(၁၀၀)အထက် တန်ကြေးရှိသူ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Manchester Evening News

ဒီဂျောင်နဲ့ ပတ်သက်ပြီး နည်းပြဗန်ဟားက “ဖရန့်ကီ ဘယ်လောက်အရေးပါသလဲဆိုတာကို ကျွန်တော် သိပြီးသားပါ။ အဲ့ဒီထက်ပိုပြီး သိမြင်စရာလည်း မလိုတော့ပါဘူး။ ဖရန့်ကီက ပိုမိုတဲ့ အရည်အသွေးတွေကို ယူဆောင်လာတဲ့အတွက်ကြောင့် သူက ယူရို(၁၁၂)သန်းလောက်အထိကို တန်ကြေးရှိပါတယ်” လို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာအသင်းဘက်ကတော့ သူတို့ရဲ့ အဓိက ကစားသမား ဒီဂျောင်အတွက် ပြောင်းရွှေ့ကြေးသီးသန့်အဖြစ် ယူရို(၇၅)သန်းနဲ့ ကမ်းလှမ်းစေချင်နေသလို ကစားသမားကိုယ်တိုင်ကတော့ ယူရိုပါလိဂ်ဝင်ခွင့်သာ ရရှိထားတဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒမရှိပဲ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့ သူရဲ့လက်ရှိကလပ် ဘာစီလိုနာမှာပဲ ဆက်နေသွားချင်နေပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းက free transfer နဲ့ ခေါ်ယူထားတဲ့ ကစားသမားတွေကို အသင်းသားအဖြစ် မှတ်ပုံတင်နိုင်ဖို့ အသင်းမှာ လိုအပ်နေတဲ့ နေရာအတွက် ကစားသမားသစ်တွေ ထပ်မံခေါ်ယူသွားနိုင်ဖို့ အသင်းသားတွေရဲ့ လုပ်ခလစာ လျှော့ချဖို့ လိုအပ်နေသလို အသင်းသားတချို့ကိုလည်း ရောင်းထုတ်သွားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့် သူတို့ အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ဒီဂျောင်ကို ရောင်းချသွားနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version