မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ ထိပ်တန်းကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကို အသင်းဆီ ပြန်လည်ခေါ်ယူနိုင်ပြီးနောက်မှာ အသင်းမှာ နေရာရဖို့ မလွယ်ကူနိုင်တော့တဲ့ ဝေးလ်စ်တောင်ပံကစားသမားလေး ဒန်နီရယ်ဂျိမ်းစ်ကို နွေစျေးကွက် မပိတ်သိမ်းခင်မှာပဲ ကလပ်အသင်းတစ်သင်းသင်းဆီ အငှားချဖွယ် ရှိနေသလို သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုးကိုသာ လက်ခံရရှိမယ်ဆိုရင် အပြီးသတ်ပါ ရောင်းချသွားဖွယ်လည်း ရှိနေပါတယ်။

Photo Credit : Sky Sports

အသက်(၂၃)နှစ်အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ဟာ ၂၀၁၉ခုနှစ် နွေစျေးကွက်အတွင်းမှာပဲ ဆွမ်ဆီးအသင်းကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၁၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ (၂)ရာသီအထိ ဖြတ်သန်းခဲ့ပါတယ်။ အသင်းနဲ့ ပွဲဦးထွက်ရာသီမှာ ပြိုင်ပွဲစုံပွဲပေါင်း (၄၆)ပွဲအထိ ပါဝင်ခဲ့ရပေမယ့်လည်း ဒုတိယရာသီမှာတော့ (၂၆)ပွဲသာ ကစားထားရသလို လက်ရှိရာသီမှာလည်း အသင်းက ဆန်ချို ရော်နယ်ဒိုတို့ကို ခေါ်ယူထားတာကြောင့် ဒန်နီရယ်ဂျိမ်းစ်အနေနဲ့ နေရာပျောက်ဆုံးဖို့က သေချာသလောက်ကို ရှိလာခဲ့ရပါတယ်။

Photo Credit : Manchester United

ဒီလိုအခြေအနေရှိနေတဲ့ ဒန်ဂျိမ်းစ်ကို မန်ချက်စတာယူနိုက်တက်အသင်းကနေ တစ်ရာသီ အငှားချချင်နေသလို ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် တစ်ခါတည်း အပြီးသတ်ပါ ရောင်းချသွားဖို့ အစီအစဉ် ရှိလာခဲ့ပါတယ်။ လက်ရှိမှာတော့ ဒန်နီရယ်ဂျိမ်းစ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ အဲဗာတန် ဘရိုက်တန် လိဒ်စ်ယူနိုက်တက်နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတွေကနေ အလိုရှိနေပြီး ဂျိမ်းစ်ကို အပြီးသတ် ခေါ်ယူတာထက် အငှားနဲ့သာ ကမ်းလှမ်းဖွယ်သာ ရှိနေပါတယ်။ လက်ရှိမှာ ဘရိုက်တန်အသင်းကို ကိုင်တွယ်လို့နေတဲ့ နည်းပြဂရေဟမ်ပေါ်တာဟာ ယခင်က ဆွမ်ဆီးအသင်းကို ကိုင်တွယ်ဖူးတဲ့ နည်းပြဟောင်းတစ်ယောက်ဖြစ်ပြီး ဒန်နီရယ်ဂျိမ်းစ်နဲ့လည်း ရင်းနှီးသူဖြစ်လို့ ဂျိမ်းစ်အနေနဲ့ ဘရိုက်တန်ကို ရောက်ရှိနိုင်ခြေရှိသလို ဂျိမ်းစ်ကို အကြိမ်ကြိမ် အခါခါ ခေါ်ယူဖို့ ကမ်းလှမ်းထားခဲ့ဖူးတဲ့ လိဒ်စ်ယူနိုက်တက်ကလည်း ဒီတစ်ကြိမ်မှာ ဂျိမ်းစ်ကို အရခေါ်ယူနိုင်ဖို့ အမှန်အကန် ကြိုးပမ်းဖွယ် ရှိနိုင်ပါတယ်။ ဒါ့အပြင် အဲဗာတန် ခရစ္စတယ်ပဲလေ့စ်အသင်းတွေကလည်း ဒန်နီရယ်ဂျိမ်းစ်ကို ခေါ်ယူသွားနိုင်ဖို့ ဘရိုက်တန် လိဒ်စ်တို့နဲ့အတူ အပြိုင်ကမ်းလှမ်းဖို့ ရှိနေပြီး စျေးကွက်မပိတ်သိမ်းခင်မှာပဲ ဂျိမ်းစ်အနေနဲ့ ကလပ်အသင်းသစ် တစ်သင်းကို ရောက်ရှိသွားနိုင်ပါတယ်။